Wednesday, October 22, 2014

ဘယ်တော့မှ မတိမ်ကောနိုင်သည့် မင်းမှာသစ္စာ လူမှကတိ

အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၅ ခုအတွင်း ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်မရှိ၊ သတ်မှတ်ချိန်အတိုင်း ကျင်းပမည် သာဖြစ်သည်ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး အများပြည်သူက စိတ်ဝင်စားနေကြစဉ်၊
စိတ်ပူပန်မှုရှိနေကြစဉ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌလုပ်သူကိုယ်တိုင်က ယခုလို ထုတ်ဖော် ပြောဆိုလိုက်သောအခါ
လူတိုင်းလိုလို အနည်း ငယ်စိတ်အေးသွားကြရသည်။ မင်္ဂလာရှိပြီး ကြိုဆိုကြရမည့်စကားဖြစ်သော်ငြားလည်း စဉ်းစားချင့် ချိန်စရာများလည်း မရှိမဟုတ် ရှိနေပြန်ပါသည်။



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယခုလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်အကြောင်းမရှိဟု ပြောဆိုလိုက်သည့်အချိန်၏ ရှေ့ပိုင်း ရက်ပိုင်းအတွင်းကမူ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်သောစကားတစ်ခွန်း ပြောကြားသွားခဲ့ပါသေးသည်။ သူကတော့ လက် နက်ကိုင် အင်အားစုများနှင့် ပြုလုပ်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်ပါက ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု သတိပေးပြောကြားဖူးပြန်သည်။ နိုင်ငံတော် သမ္မတကြီးက သည်လိုပြောဆိုလိုက်ပြီးလို့မှ တစ်လမပြည့်ခင်အချိန်ကလေးအတွင်းတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တစ်ဖန် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်မ နေ ကျင်းပရမည်သာဖြစ်သည် ဟူသောစကားကို ပြောလာခဲ့ပြန်သည်။ သည်အတိုင်းဆိုပါက နိုင်ငံတော် သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့၏ စကားများမှာ တစ်ခုနှင့်တစ်ခု ၀ိရောဓိဖြစ်နေသည်ဟု ဆို ရပါလိမ့်မည်။ မိမိတို့ ဆိုလိုသည့်အချက်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏စကားမှာ သည်အတိုင်းဆို လျှင် အတည်ဖြစ်ကောင်းမှ ဖြစ်ပေလိမ့်မည်ဟု ယူဆရမလိုဖြစ်လာခဲ့ပါသည်။အဘယ့်ကြောင့်ပါနည်း

၂၀၁၄ ခု၊ မတ်လ ၂၀ ရက်က ပြည်သူ့လွှတ်တော်တွင် အမတ်တစ်ဦး၏မေးခွန်းကို ဖြေကြားရာ၌ လစ်လပ် လျက်ရှိသောနေရာ(၃၅)နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက ကတိပေးခဲ့ဖူး၏။ ယင်းနှစ်အတွင်းမှာပင် ကြားဖြတ်ရွေး ကောက်ပွဲကို ကျင်းပမည်မဟုတ်တော့ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက စက်တင်ဘာလ ၇ ရက် နေ့က ထုတ်ဖော်ကြေညာလာခဲ့ပြန်ပါသည်။ မည်သို့သော အကြောင်းပြချက်များရှိသည်ဖြစ်စေ တိုင်းပြည် အတွက် အင်မတန်အရေးကြီးလှသည့် ရွေးကောက်ပွဲလို ကိစ္စမျိုးကို ကော်မရှင်ဥက္ကဋ္ဌက အလွယ်တကူ သတ်မှတ်၊ အလွယ်တကူ ဆုံးဖြတ်သည့် အဓိပ္ပာယ်မျိုးသက်ရောက်နေသည်ဟု လူအများက ယူဆခဲ့ကြ၏။ သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင်တစ်ခု၏ လုပ်ပိုင်ခွင့်များကို လွတ်လပ် စွာ လုပ်ပိုင်ခွင့်မရှိဘဲ အဖွဲ့အစည်းတစ်ခုခုနှင့် လူပုဂ်္ဂိုလ်တစ်ဦး တစ်ယောက်၏ ကြိုးကိုင်မှုကြောင့်သာလျှင် ယခုလို တိကျခိုင်မာသည့်ဆုံးဖြတ်ချက် မချနိုင်ခြင်းဖြစ်သည်ဟု ဝေဖန်သံများလည်း ထွက်ပေါ်လာခဲ့ရသည်။

မိမိတို့တိုင်းပြည်တွင် အုပ်ချုပ်မှုအာဏာ ရရှိထားသူများသည် မကြာခဏဆိုသလို ပေးထားသည့် ကတိများ ကို ဖျက်ပစ်လေ့ရှိသည်။ ထို့ပြင် တစ်ဦးက လက်နှင့်ရေးလျှင် ကျန်တစ်ဦးက ခြေဖြင့်ဖျက်သလို အလုပ်မျိုး လည်း လုပ်ကြလေ့ရှိသည်။ အာဏာရသူ အချင်းချင်းကြားတွင်ပင် အပြန်အလှန်လေးစားမှု အပြန်အလှန် ညှိနှိုင်းမှု မရှိနိုင်လောက်အောင် အခြေအနေများ ရှုပ်ထွေးနေကြသည်ဟုလည်း မြင်စရာဖြစ်လာသည်။ ထို့ကြောင့် မည်သည့်အာဏာရှိသူကမျှ မိမိတို့ပေးထား၊ ပြောထားသည့် ကတိက၀တ်များအပေါ် တာဝန်ခံ မှု၊ တာဝန်ရှိမှုနှင့် တာဝန်ယူမှုအပေါ် ခိုင်မာစွာ မရပ်တည်နိုင်ကြတော့ဟူ၍လည်း တွေးဆလို့ ရနိုင်ပြန်ပါ သည်။

နိဂုံးချုပ်အားဖြင့် မိမိတို့ တင်ပြလိုသည်မှာ မည်ကဲ့သော အခြေအနေမျိုး ပင်ဖြစ်နေရှိနေပါစေ၊ မိမိတို့လူမျိုး မိရိုးဖလာ စကားပုံတစ်ခုဟာဖြင့် မတိမ်ကော မပပျောက်သေးကြောင်း နှိုးဆော်လိုပါသည်။ ယင်းမှာ “မင်းမှာသစ္စာ လူမှာကတိ” ဆိုသော စကားပုံပင်ဖြစ်သည်။ တိုင်းပြည်တာဝန်ရှိသူများသည် ယင်းစကားပုံ ကို သတိချပ်ကြဖို့လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။

Mizzima News

No comments:

Post a Comment