Friday, October 3, 2014

အချစ်စစ်ကို ရှာဖွေရန် အတွက် ကမ္ဘာတစ်လွှားမှ အမျိုးသား ၇၀ ကျော်နှင့် ချိန်းတွေ့ခဲ့သူ


BambiSmyth

သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမှ အမျိုးသမီး တစ်ဦးသည် သူမအတွက် စစ်မှန်သည့် ကြင်ဖော်ကို ရှာတွေ့ရန် အတွက် ကမ္ဘာတစ်ဝှမ်းသို့ လှည့်လည်ကာ လူပေါင်းများစွာဖြင့် ချိန်းတွေ့ခဲ့သည်။ ဘန်ဘီ စမစ်ဟု အမည်ရသည့် အဆိုပါ အသက် ၅၅ နှစ် အရွယ် အမျိုးသမီး အနေဖြင့် အချစ်စစ်နှင့် မတွေ့ခဲ့ရ သော်လည်း နောက်ပိုင်းတွင် သူမ၏ အတွေ့အကြုံများကို ပြန်လည် စုစည်းကာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေခဲ့သည်။ဘန်ဘီ စမစ် ချိန်းတွေ့ခဲ့သည့် ယောက်ျား များတွင် အီတလီ တော်ဝင် မင်းသား ကဲ့သို့ အဆင့်အတန်းမြင့် ယောက်ျားများ ပါဝင်သလို စပိန်နိုင်ငံမှ အပျော်လင် ကဲ့သို့ ယောက်ျားမျိုးလည်း ပါဝင်သည်။ ယင်း စာရင်းထဲတွင် ရုရှား သန်းကြွယ် သူဌေးနှင့် ဗာတီကန်မှ ဘုန်းကြီး တစ်ပါးတို့ လည်း ပါဝင်ခဲ့ပြီး လူမျိုးစုံ၊ ယောက်ျား ပေါင်းစုံ ပါဝင်ခဲ့သည်။ ဘန်ဘီသည် နိုင်ငံပေါင်း ၂၂နိုင်ငံသို့  လှည့်လည်ကာ အမျိုးသား ၇၅ ဦးနှင့် ချိန်းတွေ့ ခဲ့ပြီးနောက် Mem On the Menu ဟူသော စာအုပ်ကို ရေးသား ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ချိန်းတွေ့ မှုများတွင် လူမျိုးစုံနှင့် ယဉ်ကျေးမှုမျိုးစုံတို့ ကို အကျွမ်းဝင်မှု ရှိစေရန် ဘန်ဘီမှာ လေ့လာမှုများလည်း ပြုလုပ်ခဲ့ ရသည်။ “ကျွန်မ ဒီလိုတွေ့ ဆုံမှု တွေမှာဆိုရင် ရံဖန်ရံခါမှာ တစ်ရက်တည်း အမျိုးသား နှစ်ယောက် သုံးယောက်လောက်နဲ့ ကို တွေ့ ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီလိုမျိုး နေ့တွေဆို တော်တော်လေး ပင်ပန်းတယ်။ ဒါပေမယ့်လည်း စိတ်လှုပ်ရှား စရာလည်း ကောင်းပါတယ်”ဟု ဘန်ဘီက ပြောသည်။

ဘန်ဘီသည် သူမအတွက် ဖူးစာရှင်ကို ယဉ်ကျေးမှုစရိုက် မတူသည့် နေရာများတွင်ပါ တွေ့ရှိနိုးဖြင့်ယခုကဲ့သို့ ကမ္ဘာပတ် ရှာပုံတော် ဖွင့်နေခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။ ဘန်ဘီ၏ ရှာပုံတော် ခရီးအတွင်း မိုနာကိုတွင် အိမ်ထောင်ရှင် တစ်ယောက်နှင့်လည်း တွေ့ ဆုံခဲ့ ရသည်။ “သူဟာ အိမ်ထောင်သည် တစ်ဦး ဖြစ်တယ် ဆိုတာ ၉၉ ရာခိုင်နှုန်း ကျိန်းသေ ပါတယ်”ဟု ဘန်ဘီ စမစ်က ပြောသည်။

အင်္ဂလန်တွင် ညီမဝမ်းကွဲ တစ်ဦးက သူ့ရည်းစားဟောင်း တစ်ဦးနှင့် အောင်သွယ်ပေး သောကြောင့် တွဲခဲ့ သော်လည်း အဆင်မပြေ ခွာပြဲ ခဲ့ကြောင်း ဘန်ဘီက ပြောသည်။ “အတွဲတွေက စိတ်ဝင်စားဖို့ ကောင်းသလို တကယ် မှတ်တမ်းတင် စရာတွေလည်း ဖြစ်ပါတယ်”ဟု ဘန်ဘီက ဆိုသည်။ ဘန်ဘီ နောက်ဆုံး တွဲခဲ့သူမှာ သြစတြေးလျသို့ ပြန်လာချိန် တွေ့ ဆုံခဲ့သူ ဖြစ်ပြီး ၇၅ ယောက်မြောက် တွေ့ ဆုံမှု ဖြစ်သည်။ ၎င်း၏ စာအုပ်ကို အောက်တိုဘာ ၁ ရက်နေ့ က အမေရိကန်ဒေါ်လာ ၂ဒသမ၉၅ ဒေါ်လာ ဖြင့် စတင် ရောင်းချသည်။

Mizzima

No comments:

Post a Comment