Tuesday, October 21, 2014

၂၀၁၅ ရွေးကောက်ပွဲ အချိန်မီပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအရ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲထက် ၂၀၁၅ ရွေးကောက်ပွဲသည် ပိုမိုအရေးကြီးသောကြောင့် အချိန်မီပြုလုပ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။



အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

ယင်းအထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုထားသည်။

“ဟိုအကြောင်း ပြတာတွေ ဘာတွေတော့ မသိဘူးပေါ့နော်၊ ဒါပေမဲ့ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်သွားနေတယ် ဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတရုံ၊ လွတ်လပ်ရုံနဲ့မကဘဲ အချိန်မီလုပ်ရမယ်။ သူ့အချိန်မှာ ခန့်မှန်းထားတဲ့ အချိန်တိုင်း လုပ်ရမယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလအတွင်း လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ခန့်မှန်းသတ်မှတ်ချိန်ထက် ပိုမိုစောစီးစွာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

သို့သော်လည်း ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် PR ကို ပြောင်းလဲအသုံးပြုရန် လွှတ်တော်အတွင်း ဆောင်ရွက်နေမှုများကြောင့် ၂၀၁၅ ရွေးကောက်ပွဲသည် ခန့်မှန်းအချိန်ထက် နောက်ကျကျင်းပနိုင်ဖွယ် ရှိကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက ထောက်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၀ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော မဲဆန္ဒနယ် ၄၄ နေရာအတွက် ကျင်းပပေးခဲ့သည်။

ထို့အပြင် လစ်လပ်မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဧပြီလအတွင်း ပြောကြားခဲ့သော်လည်း နိုင်ငံရေးပါတီများ အချိန်နှင့် ငွေကြေး ကုန်ကျမည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲနှင့် နီးကပ်နေသောကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

Mizzima

No comments:

Post a Comment