Sunday, October 26, 2014

မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် မူဆယ်မြို့နယ်အတွင်း လူငယ်သုံးဦးထံမှ ကျပ်တစ်သောင်းတန်ငွေအတု ခုနစ်ရွက်အား စစ်ဆေးတွေ့ရှိမှုကြောင့် စစ်ဆေးခဲ့ရာ ဆင်ဖြူဈေးဝင်း အတွင်းရှိ ထွန်းထွန်း(ခ)အိုက်ထွန်းထံတွင် ဆိုင်ကယ်ရောင်းချခဲ့ရာမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းထွက်ဆိုချက်အတိုင်း ထွန်းထွန်း(ခ) အိုက်ထွန်းအား ဆက်လက်စစ်ဆေးရာ ၁ဝ၅ မိုင်မှ ဝင်းနိုင်ဆိုသူထံမှ ရရှိခဲ့သည်ဟု သိရှိရပြီး ဝင်းနိုင်ဆိုသူအား စစ်ဆေးရာတွင် တစ်သောင်းတန်ငွေအတု အရွက်ရေ ၈ဝ၃ ရွက်အား သိမ်းဆည်းရမိခဲ့ပြီး ယင်းငွေများမှာ တရုတ်နိုင်ငံ ဝမ်တိန်ဂဏန်းပွဲရုံရှိ တရုတ်လူမျိုး ဝမ်ချမ်းထံမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အဆင့်ဆင့် ထွက်ဆိုချက်အရ ဝမ်ချမ်းအား တရုတ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၎င်းထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု အရွက် ၂ဝဝ အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

“တရုတ်လူမျိုး ဝမ်ချမ်းကို တရုတ်ဥပဒေနဲ့ အရေးယူသွားမယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောတယ်။ အခုအဲဒီကျူးလွန်သူကို တရုတ်ပြည်တွင်းမှာပဲ ဖမ်းဆီးထားတယ်။ သူ့ကို စစ်ဆေးတဲ့အခါမှာ အဲဒီငွေအတုတွေကို ပြည်မကြီးက ရရှိလာတယ်လို့ ပြောတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူက ပြောကြားသည်။

“ငွေအတုဖမ်းမိတဲ့ ဖြစ်စဉ်ကို နောက်ဆုံးအထိ ဖော်ထုတ်အရေးယူနိုင်ဖို့ တရုတ်ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားသည်။

ယင်းဖြစ်စဉ်ကို မူဆယ်မြို့မရဲစခန်းက (ပ) ၂၈၅/၂ဝ၁၄၊ ၂ဝ၁၃ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အက်ဥပဒေ ၁ဝ၅/၁ဝ၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment