Thursday, October 16, 2014

မြန်မာအစိုးရအနေနှင့် သယံဇာတများ ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲရန် အမေရိကန် လွှတ်တော်အမတ်များက သမ္မတအိုဘားမားမှ တစ်ဆင့် သတိပေး

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း လက်ခံကျင်းပမည့် အာရှပစိဖိတ် အစည်းအဝေးသို့ လာရောက်မည်ဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို မြန်မာအစိုးရ၏ သယံဇာတ ခွဲဝေသုံးစွဲမှုကို ပွင့်လင်းမြင်သာစေရေး သတိပေးပြောဆိုရန် ကွန်ဂရက်လွှတ်တော် အမတ် ၁၆ ဦးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် သမ္မတထံ စာပို့ခဲ့ကြောင်း ဝါရှင်တန်ရှိ IPS သတင်းဌာနတွင် ဖော်ပြထားသည်။
လက်ရှိတွင် သယံဇာတ သုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှုများ ပြုနေသော်လည်း သတ္တုတွင်းလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် သတိပေး ပြောဆိုသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များက ပြောကြားသည်။
အထူးသဖြင့် အခွန်အခများနှင့် သယံဇာတ ခွဲဝေသုံးစွဲမှုဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုသို့ အသိပေးသင့်ကြောင်း၊ ယင်းမှသာ သယံဇာတ ကြွယ်ဝမှုသည် စီးပွားရေး တိုးတက်ခြင်းထက် ဖွံ့ဖြိုးရေးပိုင်းကို ပိုအားသာသွားကြောင်း အဆိုပါစာပို့ တောင်းဆိုခြင်းကို ထောက်ခံသူ လွှတ်တော်အမတ်များက ဆိုသည်။
“ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကတိပေး ပြောထားပေမယ့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးအတွက် ဆုံးဖြတ်ချက် ချတဲ့နေရာမှာ လူထုမသိဘဲ ဝေးကွာနေတာတွေ အများကြီး ရှိသေးတယ်” ဟု သမ္မတအိုဘားမားထံ ပေးပို့သောစာတွင် ရေးသားထားသည်။
ယင်းကြောင့် သမ္မတ အိုဘားမား၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိစေရန် တိုက်တွန်း ပြောသင့်ကြောင်း၊ သယံဇာတ ခွဲဝေရေးနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ပြင်ဆင်ခြင်းအပြင် လိုင်စင်အသစ်များနှင့် စာချုပ်အသစ်များအတွက် အပြန်အလှန် ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရန် ယင်းစာတွင် တိုက်တွန်းထားကြောင်း IPS သတင်းဌာန ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာအဆင့် သယံဇာတ တူးဖော်ရေးအတွက် ပွင့်လင်းမြင်သာမှုလုပ်ငန်း (EITI) အဖွဲ့ဝင်နိုင်ငံ ဖြစ်ရန် လျှောက်လွှာတင်သွင်းမှု အဆင့်ဆင့်ကို စတင်လုပ်ဆောင်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
သို့သော် သတ္တုတွင်းနှင့် အခြားသယံဇာတ တူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများကို အစိုးရဘက်မှ တားဆီးပိတ်ပင်မှုများ ရှိနေသေးကြောင်း၊ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်နေကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။
EITI သည် အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းနှင့် လုပ်ငန်းရှင်များ ပူးပေါင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ၏ သယံဇာတ တူးဖော်ရေးတွင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် လူ့အဖွဲ့အစည်းအပေါ် အန္တရာယ် မရှိစေရန် လေ့လာစောင့်ကြည့်သော နိုင်ငံတကာ လုပ်ငန်းတစ်ခု ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment