Thursday, October 9, 2014

မန်မာလူငယ်ဘောလုံးအသင်းများအတွက် အရေးကြီးလှတဲ့ အောက်တိုဘာ(၉) တိုက်ပွဲများ

အောက်တိုဘာလ (၉) ရက်နေ့ဟာ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေအတွက် သတင်းကောင်းများ ရရှိခံစားလိုတဲ့ နေ့တစ်နေ့အဖြစ်
ဖြစ်တည်လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါနေ့မှာ မြန်မာ ယူ-၁၉ အမျိုးသားလူငယ်အသင်း၏ ယီမင်အသင်းနှင့် အာရှပွဲ အဖွင့်ပွဲစဉ်စတင်ကစားရမည်ဖြစ်သလို မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းဟာလည်း တရုတ်တိုင်ပေအသင်းနဲ့ အာရှခြေစစ်ပွဲနောက်ဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။


မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းပါဝင်တဲ့ ၂၀၁၅ AFC u-16 ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စု (D) တွင် မြန်မာအသင်းသည် ဖိလစ်ပိုင် ကို (၆-၀)၊
ကမ္ဘောဒီယားအသင်းကို (၄-၀) ဖြင့်အနိုင်ရရှိထားပြီး လက်ရှိမှာ တရုတ်တိုင်ပေအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်တူသော်လည်း ဂိုးပိုမိုသွင်းယူထားမှု သွင်းဂိုးအရေအတွက်မှာ နှစ်ဂိုးလျော့နည်းနေသည့်အတွက်ကြောင့် အုပ်စုဗိုလ်ဖြင့်နောက်တစ်ဆင့်တက်ရေး အနိုင်ကစားရန်လိုအပ်နေသည်။ ထို့ကြောင့်မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် အောက်တိုဘာလ (၉)ရက်နေ့ ညနေ ၄း၃၀ တွင် မလေးရှားနိုင်ငံမှာ အုပ်စုပထမဖြင့်အောင်ပွဲဆင်နိုင်ရေးအတွက် တရုတ်တိုင်ပေကို အစွမ်းကုန်ကြိုးစား ကစားရမည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ဘောလုံးပွဲစဉ်ကတော့ အောက်တိုဘာလ (၉)ရက်နေ့တွင် စတင်ကစားကြတော့မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် အုပ်စု (က)တွင် အီရန်၊ ထိုင်း၊ ယီမင် အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေလျှက်ရှိသည်။ အုပ်စု (က)ပထမပွဲစဉ်အဖြစ် အီရန်အသင်း နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဒုတိယပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ၆း၃၀ တွင် အိမ်ရှင် မြန်မာအသင်း နဲ့ ယီမင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရမည်လည်း ဖြစ်သည်။ အဆိုပါပွဲစဉ်သည် မြန်မာလူငယ်အသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ရေးအတွက်
အရေးကြီးပွဲစဉ်တစ်ခုလည်းဖြစ်နေသည်။ ယီမင်အသင်းသည် အုပ်စုမဲခွဲရာတွင် မဲအိုးအဆင့် (၄)ဖြင့် အုပ်စု (က)တွင်နောက်ဆုံးအသင်းအဖြစ် မဲခွဲခံခဲ့ရသည့်အသင်းလည်းဖြစ်သည်။ သို့သော်လည်း အာရှ ယူ ၁၉ ခြေစစ်ပွဲတွင် ဂျော်ဒန်အသင်းကိုအနိုင်ကစားပြီး အကောင်းဆုံးအုပ်စု ဒုတိယဖြင့်ခြေစစ်ပွဲအောင်လာသည့် အတွက် ကောင်းမွန်တဲ့အသင်းအနေအထားရှိနေသည်။
ယီမင်အသင်းသည် ယခင်က အာရှယူ-၁၉ ပြိုင်ပွဲကို လေးကြိမ်ထိ ယှဉ်ပြိုင်ကစားထားခဲ့ဖူးပြီး အောင်မြင်မှုတော့ မရရှိခဲ့ပေ။
ပြီးခဲ့သည့် ၂၀၁၄ မေလ ၂၃ ရက်နေ့က အင်ဒို ၁၉ အသင်းနဲ့ခြေစမ်းပွဲမှာတော့ သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်ကို တွေ့ရသည်။ လက်ရှိမြန်မာ လူငယ်အသင်းကတော့ AFF u-19 ချန်ပီယံရှစ်မှာ နောက်ဆုံး နှစ်ပွဲရှုံးနိမ့်ထားသည်။ သို့သော် ပြည်ပပွဲစဉ်တွေမှာ နိုင်ပွဲတော်တော်များများကို စိတ်ဓာတ်ကောင်းများဖြင့် ရင်ဆိုင် ယှဉ်ပြိုင်တက်သော
မြန်မာလူငယ်အသင်းအတွက် အိမ်ကွင်းတွင်ကစားရမည်လည်းဖြစ်သောကြောင့် ပရိတ်သတ်အားတွေနဲ့အတူ ဘုရှုနိုင်းဘုရင့်ဖလားက ခြေစွမ်းစိတ်ဓာတ်မျိုးဖြင့် အောင်မြင်မှုတွေ ပြန်လည်မြင်တွေ့ခွင့်ရမည်ဟုတော့မျှော်မှန်းမိသည်။ လူစုံ တက်စုံနဲ့အတူ အားနည်းချက်တွေကို အကောင်းဆုံးပြင်ဆင်လာမည့် မြန်မာလူငယ်အသင်း နဲ့ ခြေစွမ်းမှန်းရခက်နေတဲ့ ယီမင်အသင်းတို့၏ ပွဲစဉ်က အထူးကြည့်ကောင်းမည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟုသုံးသပ်မိသည်။ မြန်မာလူငယ်အသင်းအတွက် နောက်ပွဲစဉ်သည် ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယီမင် နဲ့ ထိုင်းအပေါ် အနည်းဆုံးသရေ နှင့် အနိုင်ပွဲများကစားထားပါမှ
ကွာတားတစ်နေရာအတွက် အာမခံချက်ရှိမည်လည်းဖြစ်သည်။ ဒီနေ့ညနေကို ရင်ခုန်စွာ စောင့်ကြည့်အားပေးကြပါအုံးစို့ မြန်မာ အမျိုးသားပွဲစဉ်ကတော့ အွန်လိုင်းကနေ တိုက်ရိုက်ကြည့်နိုင်မည်ဖြစ်ပါတယ်။
အမျိုးသမီးပွဲစဉ်ကတော့ သတင်းပဲ မျှော်လင့်စောင့်စားရမှာပါ။။ တိုက်ပွဲတွေ အောင်မြင်ကြပါစေလို့ ကဖေးဝိုင်းတော်သားများမှ ဆုမွန်ကောင်းတောင်းလျှက်...။

Football Cafe

No comments:

Post a Comment