Thursday, October 9, 2014

အသည်းရောင်အသားဝါစီပိုး ကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိ

အသည်းရောင်အသားဝါစီပိုးမှာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိပြီး ကြိုတင်စစ်ဆေးကုသရန် လိုအပ်ကြောင်း အသည်းရောဂါဆရာဝန်ကြီးအချို့က အကြံပြုပြောဆိုသည်။

‘‘စီပိုးကနေ ၈၀ ရာခိုင်နှုန်း အသည်းကင်ဆာဖြစ်နိုင်တယ်။ ဘီပိုးထက် စီပိုးဖြစ်တဲ့လူဦးရေက နည်းပေမယ့် ကင်ဆာဖြစ်နှုန်းကျတော့ ဘီပိုးထက်များတယ်’’ဟု အသည်းရောဂါကုဆရာဝန်ကြီး ဒေါက်တာ ခင်ပြုံးကြည်က ဆိုသည်။

အသည်းရောင်အသားဝါဘီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိသော်လည်း စီပိုးကြောင့် ကင်ဆာဖြစ်နိုင်ခြေမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အသက်(၁၀)နှစ်အရွယ်တွင် စီရောဂါပိုး ၀င်ရောက်သွားလျှင် ရောဂါလက္ခဏာမပြဘဲ နောင်နှစ်ပေါင်း ၂၀ ကြာမှ ရောဂါဖြစ်သည်ကို သိရှိနိုင်သည်။

ထို့ပြင် အသည်းရောင်အသားဝါဘီပိုး၌ ကာကွယ်ဆေးရှိသော်လည်း စီပိုး၌မူ ကာကွယ်ဆေးမရှိသေးပေ။ စီပိုးကုသဆေးမှာ ရေရှည်စွဲကုသရပြီး တစ်ပတ်လျှင်တစ်ကြိမ်နှုန်း ဆေးထိုးစရိတ်မှာ ကျပ်တစ်သိန်းရှစ်သောင်းနှုန်းရှိကာ ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျကြောင်း သိရသည်။

‘‘တချို့ အမျိုးအစားတွေက ခြောက်လလောက် ထိုးရတာရှိတယ်။ ဒီကြားထဲ ပိုးကောင်ရေစစ်တာတို့ ထိုးဆေးသောက်ဆေးတို့နဲ့ အခြားကုန်ကျစရိတ်တွေ ပေါင်းလိုက်ရင် သိန်းတစ်ရာလောက်ရှိတယ်။ ဒါကြောင့် စီပိုး ဖြစ်၊ မဖြစ် ကြိုတင်စစ်ဆေးပြီး စောစောကုသသင့်တယ်’’ဟု ဒေါက်တာခင်ပြုံးကြည်က အကြံပြုပြောဆိုသည်။

အဆိုပါ ဘီပိုး၊ စီပိုးများမှာ သွေးနှင့် ကိုယ်တွင်းအရည်များမှတစ်ဆင့် ကူးစက်နိုင်သောကြောင့် အပ်ကိုသေချာပြုတ်ခြင်း၊ ကွန်ဒုံးအသုံးပြုခြင်း၊ မွေးကင်းစအရွယ် ကလေးသူငယ်များအား မွေးမွေးပြီးချင်း ကာကွယ်ဆေးထိုးပေးခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ဖြစ်ပွားမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းရှိပြီး စီပိုးဖြစ်ပွားမှုနှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment