Tuesday, October 14, 2014

Breaking News



၁၁-၁၀-၂၀၁၄ နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၄၁/၁ ၌ ရွှေစင်စင်္ကြာယာဉ်လိုင်းမှ ခရီးသည်တင် ကားသည် လမ်းဘေးတွင် ချရပ်လိုက်သည့် အခါ ကွန်ကရစ်လမ်းမကြီး၏ ညာလမ်းပုခုံးသည် ကျွံဝင်သွားပြီး ကွန်ကရစ်လမ်းပုခုံး ကျိုးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ( နေပြည်တော်-မန္တလေး အပိုင်း) ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၂၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး စတင်အသုံးပြုလာခဲ့သည်မှာ ၄ နှစ်အတွင်း ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ အမြန်လမ်းမကြီး၏ နေပြည်တော်-မန္တလေး အပိုင်းတွင် ယနေ့အချိန်တွင် တစ်ရက် ပျှမ်းမျှ ယာဉ်စီးရေ ၆၀၀၀ ကျော် ဖြတ်သန်းသွားလာလျှက် ရှိပါသည်။

အမြန်လမ်းမကြီးသည် တစ်ဖက်လျှင် ၂၅ ပေ အကျယ်၊ ၁.၅ ပေ အထူရှိသည့် ကွန်ကရစ်လမ်းသားဖြင့် တည်ဆောက်ထားပြီး လက်ဝဲဖက် လမ်းပုခုံးသည် ၃ ပေ အကျယ်၊ ၁ ပေထု ကွန်ကရစ် ဖြစ်ပါသည်။ လက်ယာဖက် လမ်းပုခုံးသည် ၄ ပေအကျယ်၊ ၆ လက္မထု ကွန်ကရစ်ဖြစ်ပါသည်။ ယခု ကျွံကျသည်မှာ လက်ယာဖက် လမ်းပုခုံး ဖြစ်ပါသည်။

အမြန်လမ်းတည်ဆောက်မှု ပုံစံအရ အမျိုးမျိုးရှိရာ ရန်ကုန်-မန္တလေး အမြန်လမ်းကို Freeway on Earth Embankment ပုံစံအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် လိုအပ်သည့် အောက်ခံမြေအား လမ်းမကြီးတစ်လျောက် တတ်နိုင်သမျှ အနီးဆုံးမှ လက်ခံနိုင်သည့် မြေများအား ရွေးချယ် အသုံးပြုခဲ့ပါသည်။ ထိုမြေများအား Soil Mechanic သဘောတရားအရ စမ်းသပ်ရွေးချယ် အသုံးပြုခဲ့ရပါသည်။

ထိုကဲ့သို့ ၃၆၆/၃ အရှည်ရှိ အမြန်လမ်းမကြီးအား Freeway on Earth Embankment အဖြစ်တည်ဆောက်ခဲ့ပါသည်။ ထိုသို့တည်ဆောက်ခဲ့သည့် မြေသားတာဘောင်သည် မိုးများသည့် ရန်ကုန် တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီး အပိုင်းတို့တွင် ရေတိုက်စားမှု ကြီးမားစွာ ဖြစ်ပေါ်ခြင်း မရှိပဲ မိုးနည်းသည့် ဒေသဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး အပိုင်းတွင် ရေတိုက်စားမှုများ နှစ်စဉ်ဖြစ်ပေါ်လျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။
ထိုကဲ့သို့ ဖြစ်စဉ်အား ကွင်းဆင်းစစ်ဆေးရာ မြေသားတာဘောင်များသည် ရှိရမည့် သိပ်သည်းမှု ရှိနေသော်လည်း မြေသားလမ်းပုခုံးတွင် ရေစားမြောင်းများ ဖြစ်ပေါ်လျှက်ရှိနေကြောင်း တွေ့ရှိခဲ့ပါသည်။

ထိုသို့ဖြစ်ရာတွင်လည်း မန္တလေးတိုင်း ဒေသကြီးသည် မိုင်တိုင် ၂၄၂/၂ မှ ၃၆၆/၃ ထိ ရှိသော်လည်း ရေတိုက်စားမှုဖြစ်စဉ်များသည် မိုင် ၃၂၅/၀ မှ ၃၄၅/၀ ထိသာ ဖြစ်နေကြောင်း တွေ့ရှိခဲ့ပါသည်။ ထိုအပိုင်း၏ မြေသားသိပ်သည်းမှုကို DPC Test နှင့် စမ်းသပ်ခဲ့ရာ အပေါ် ၃ လက္မသည် သပ်မှတ်သိပ်သည်းမှုထက် နည်းနေသော်လည်း ၄င်းအောက်ပိုင်းများသည် သပ်မှတ်သိပ်သည်းမှု ရှိနေကြောင်းတွေ့ရှိခဲ့ပါသည်။ ထိုအပိုင်းရှိ ကွန်ကရစ်လမ်းပုခုံးများသည်လည်း ကြွတက်နေသည်ကိုလည်း တွေ့ရှိခဲ့ပြီး ထိုအပိုင်းရှိမြေများအား ဓါတ်ခွဲခန်းသို့ယူ၍ စမ်းသပ်ခဲ့ရာ Expansive Soil နှင့် Dispersal Soil များ အချို့တ၀က် ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါသည်။ယေဘူရအားဖြင့် Expansive Soil သည် ရေနှင့်ထိတွေ့သည့် အခါ ထုထည်ပွလာကာ ကွန်ကရစ်လမ်းပုခုံးကို ကျွတက်စေပြီး Dispersal Soil သည် ရေနှင့်ထိတွေ့သည့်အခါ ဓါတ်ပြုပြီး အရည်ပျော်သွားကာ ရေစားမြောင်းများ အဖြစ်ဖြစ်ပေါ် ခဲ့ပါသည်။ သို့သော် ထို ဖြစ်စဉ်သည် ရေနှင့် ထိတွေ့မှသာ ဖြစ်ပြီး ပါဝင်သည့် အဆိုပါ မြေအမျိုးအစားသည်လည်း ပါဝင်မှု ပမာဏ နည်းသည်ကိုတွေ့ရှိရကာ အဓိက ကွန်ကရစ်လမ်းမကြီးကို ပျက်ဆီးထိခိုက်မှုမရှိစေကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။

ဌာနအနေဖြင့် ထိုဖြစ်စဉ်ဖြစ်နေသည့် မိုင် ၃၂၅/၀ မှ ၃၄၅/၀ အပိုင်းအား မြေသားလမ်းပုခုံးပေါ်ရှိ ရေစားမြောင်းများကို Selected Soil ဖြင့် ပြန်လည် ခင်းကြိတ်ပြီး ဆောင်ရွက်လျှက်ရှိသကဲ့သို့ ကြွတက်နေသောကွန်ကရစ်လမ်းပုခုံးများအားလည်း ပြန်လည်တည်ဆောက်နိုင်ရန် ပုံစံထုတ်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ ပုံစံထုတ်ရာတွင်လည်း ရေရှည်ကောင်းမွန်စေရန် အောက်ခံမြေကို Chemical ဖြင့် လည်းကောင်း၊ Lime Stabilize Method ဖြင့် လည်းကောင်း၊ Cement Stabilize Method ဖြင့်လည်းကောင်း ပုံစံထုတ်ဆောင်ရွက် ထားရှိပါသည်။ ယခုပွင့်လင်း ရာသီတွင် ဆောင်ရွက်ရန် စတင်လုပ်ဆောင်နေစဉ် ယခုကဲ့သို့ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ဖြစ်ခဲ့သည့်အတွက် ရွှေစင်စင်္ကြာ ယာဉ်လိုင်းအားလည်းကောင်း ၊ နှောင့်နှေးကြန့်ကြာမှုများ၊အစဉ်မပြေမှုများ ဖြစ်ခဲ့ခြင်းအတွက် ခရီးသွားပြည်သူများအားလည်းကောင်း တောင်းပန်အပ်ပါသည်။ ထို့အပြင် တာဝန်သိ ခရီးသွားပြည်သူ တစ်ဦးအနေဖြင့် ယခုဖြစ်စဉ်အား Post တင်ပေးပါသော ဦးကျော်ဝင်း ကိုလည်း ကျေးဇူးတင်ရှိပါသည် ။ နောက်နောင်တွင်လည်း အမြန်လမ်းမကြီးအား ယခုကဲ့သို့ ကူညီ ၀ိုင်းဝန်းထောက်ပြခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Yangon-Mandalay Expressway

No comments:

Post a Comment