Monday, October 20, 2014

အာရှဘောလုံးအဖွဲ့ချုပ်က MFF ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ ပြစ်ဒဏ်ချ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများအနက် ပွဲစဉ် (၁) ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။

ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏအားကစား၌ ကျင်းပသည့် ပွဲစဉ်များအနက် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ပရိသတ်အချို့က ပွဲကြည့်ထိုင်ခုံများကို ရိုက်ချိုးဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ခြင်း၊ သတ်မှတ်ထားသည့် နေရာတွင် အားပေးမှုမရှိခြင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ ယူအေအီးအသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်အပြီးတွင် ပရိသတ်အချို့ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခဲ့ခြင်းတို့ကြောင့် ယင်းသို့ အရေးယူခံရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၂ဝ ရက် (ယနေ့) တွင် ကာတာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ်များအနေဖြင့် စည်းကမ်းချိုးဖောက်မှု တစ်ခုခု ထပ်မံပြုလုပ်ပါက ဗိုလ်လုပွဲတွင် ပရိသတ်မပါဘဲ ကစားရမည့်အပြင် သီးခြားပြစ်ဒဏ်များပါ ထပ်မံချမှတ်ခံရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းသည် အာရှအဆင့် ထိပ်တန်းအသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၅ ဖီဖာ ယူ ၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရသည်အထိ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး ဖြစ်သည်။ ယင်းကြောင့် ယနေ့ အောက်တိုဘာ ၂ဝ ရက်နေ့ ည ၇ နာရီတွင် ကစားမည့် ကာတာအသင်းနှင့် ဆီမီးဖိုင်နယ်တွင် မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ ဘောလုံးချစ် ပရိသတ်များအနေဖြင့် မလိုလားအပ်သော မည်သည့် အပြုအမူကိုမျှ မပြုလုပ်မိစေရန် ဝိုင်းဝန်းကူညီပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မေတ္တာရပ်ခံထားသည်။

The Voice Weekly

No comments:

Post a Comment