Friday, October 31, 2014

"၀" ဒေသတွင်ရှိနေသော လူဦးရေခြောက်သိန်းနီးပါးကို မှတ်ပုံတင်တရားဝင်ပြုလုပ်ပေးရန် UWSA ဘက်မှတောင်းဆိုထားပြီး ကနဦးအနေဖြင့် လူဦးရေ ၃၀၀ ခန့်ကိုသာ မှတ်ပုံတင်လုပ်ပေးမည်ဟု အစိုးရဘက်ကအကြောင်းပြန်ထား

"၀" ဒေသတွင်ရှိနေသော လူဦးရေခြောက်သိန်းနီးပါးအနက် မှတ်ပုံတင် မရှိသူများကို တရားဝင် မှတ်ပုံတင် ပြုလုပ်ပေးရန်  "၀" သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ဘက်မှတောင်းဆိုထားပြီး ကနဦး အနေဖြင့် လူဦးရေ ၃၀၀ ခန့်ကို မှတ်ပုံတင်ပြုလုပ်ပေးမည်ဟု အစိုးရ ဘက်မှ အကြောင်းပြန် ထားကြောင်း သိရသည်။



"ကျွန်တော်တို့ဒေသမှာ လူဦးရေငါးသိန်းကျော် ခြောက်သိန်းနီးပါးရှိပါတယ်။ မှတ်ပုံတင်မရှိတဲ့ သူက အများကြီးပဲ။ သူတို့ကို မှတ်ပုံတင်လုပ်ပေးဖို့ပြောတာပါ" ဟု UWSA ၏ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က အောက်တိုဘာ ၃၀ ရက်တွင် The Daily Eleven သို့ပြောကြားသည်။

"၀" ဒေသတွင်းရှိနေသူများအား မှတ်ပုံတင်ပြုလုပ်ပေးရေးကိစ္စကို ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက သမ္မတဦးသိန်းစိန်နှင့် UWSA ခေါင်းဆောင်များ နေပြည်တော်၌တွေ့ဆုံစဉ် တောင်းဆိုမှုပြုလုပ်ခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ပြီးနောက်ပိုင်း "၀" ဒေသတွင်း မှတ်ပုံတင်ပြုလုပ်ပေးရေး ကိစ္စအတွက် သဘောတူ ညီမှုများ ရှိခဲ့ကြောင်းသိရပြီး အောက်တိုဘာ ၂၀ ရက်တွင် လာရောက်လုပ်ကိုင်ပေးမည်ဆိုသော ကတိစကား များလည်း ရှိခဲ့ကြောင်း UWSA ဘက်မှဆိုသည်။

သို့သော် အောက်တိုဘာ ၂၀ ရက်တွင်  မှတ်ပုံတင်လုပ်ပေးမည့်သူများ ရောက်ရှိလာခြင်းမရှိသည့်အတွက် အောက်တိုဘာ ၂၂ ရက် က မိုင်းလားမြို့၌ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် UWSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြချိန်တွင် မှတ်ပုံတင်ပြုလုပ်ပေးရေးကိစ္စကို UWSA ဘက်မှ ထပ်မံတောင်းဆိုခဲ့သည်။

"အခုတော့လုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့ပြည်နယ်ကို လူလွှတ်ပြီးလာတွေ့တာတွေရှိတယ်။ နိုဝင်ဘာလထဲမှာ အဖွဲ့တွေစေလွှတ်ပြီး လာလုပ်ပေးမယ်ပြောတယ်" ဟု ဦးအောင်မြင့်ကဆိုသည်။

ထိုသို့ တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးရာတွင် ကနဦးအနေဖြင့် "၀" ဒေသတွင်ရှိနေသော မြို့နယ်ခြောက်ခု အနက်တစ်ခုလျှင် လူဦးရေ ၅၀ နှုန်းဖြင့်ပြုလုပ်ပေးမည်ဟု အစိုးရဘက်က အကြောင်းကြားထားကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့မှာ နယ်မြေခြောက်ခုရှိတယ်။ နယ်မြေတစ်ခုကို ၅၀ လုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့ဘက်က နယ်မြေတစ်ခုကို ၁၅၀ လုပ်ပေးဖို့တောင်းဆိုထားတယ်။ သူတို့ဘက်က ပြန်တင်ပြပေးမယ်ပြောတယ်။ နယ်မြေတစ်ခုကို ၁၅၀ လုပ်ပေးရင်တောင် ၉၀၀ လောက်ပဲရမှာဆိုတော့ အရမ်းနည်းတယ်" ဟု ဦးအောင်မြင့်ကပြောပါသည်။

"၀" ဒေသ၌ရှိနေသူများအား တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးရန် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တိုးမြှင့်ပေးရန်တောင်း ဆိုထားသော "၀" ဒေသတွင် ဗမာစကားတတ်ကျွမ်းသူအရေအတွက် နည်းပါးနေ သည်။

ထို့အပြင် "၀" ဒေသအုပ်ချုပ်ရေးအဖွဲ့၏ရုံးသုံးစာမှာ တရုတ်စာဖြစ်ပြီး နေထိုင်သူအားလုံး၏ ၃၀ ရာခိုင်နှုန်း ခန့်သာ ဗမာစကားနှင့် အခြားတိုင်းရင်းသားဘာသာစကားသုံးစွဲပြီး ကျန်ရှိသူ ၇၀ ရာခိုင်နှုန်းမှာ တရုတ် ဘာသာစကားကိုသာ သုံးစွဲနေကြသူများဖြစ်သည်။ ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ် ယွမ်ငွေကိုသာသုံးစွဲပြီး ရုပ်သံလိုင်းများနှင့် အခြားပြန်ကြားချက်များကိုလည်း တရုတ် ဘာသာဖြင့်သာဖြန့်ဝေသည်။

UWSP ၏ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် တရုတ်နိုင်ငံ၌မွေးဖွားကြီးပြင်းသူများသာ နေရာယူထားပြီး အုပ်ချုပ်ရေးအဖွဲ့ကို တရုတ်က သြဇာလွှမ်းမိုးမှုရှိသည်ဆိုသောသတင်းများလည်း ရှိနေသည်။ ထို့အပြင် UWSP သို့ တရုတ်ဘက်မှ စစ်လက်နက်ထောက်ပံ့ပေးမှုများအပြင် တရုတ်ထောက်လှမ်းရေးများက UWSP တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးမှုများလည်းရှိသည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ စစ်ရေးအကဲခတ်များက အခိုင်အမာသုံးသပ်ထားသည်။

    "၀" ဒေသအုပ်ချုပ်ရေးအဖွဲ့၏ရုံးသုံးစာမှာ တရုတ်စာဖြစ်ပြီး နေထိုင်သူအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်သာ ဗမာစကားနှင့် အခြားတိုင်းရင်းသားဘာသာစကားသုံးစွဲပြီး ကျန်ရှိသူ ၇၀ ရာခိုင်နှုန်းမှာ တရုတ် ဘာသာစကားကိုသာ သုံးစွဲနေကြသူများဖြစ်သည်။ ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ် ယွမ်ငွေကိုသာ သုံးစွဲပြီး ရုပ်သံလိုင်းများနှင့် အခြားပြန်ကြားချက်များကိုလည်း

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် UWSP ကိုယ်စားလှယ်အဖွဲ့များ မိုင်းလားမြို့၌တွေ့ဆုံချိန်တွင် မှတ်ပုံတင်ပြုလုပ်ပေးရေးကိစ္စကိုသာမက အခြားအကြောင်းအရာများကိုလည်း UWSP ဘက်မှ တောင်းဆိုမှုများပြုလုပ်ထားကြောင်း သိရသည်။

ထိုတောင်းဆိုမှုများထဲ၌ "၀" တောင်ပိုင်းဒေသတွင်ရှိနေသော ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက် ပြန်ဖွင့်ပေးရေး၊ သံလွင်မြစ်ပေါ်တွင် UWSP ၏ ကိုယ်ပိုင်ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ခွင့်ပေးရေး၊ နမ့်ဖကောင်ကျောက်မီးသွေးတူးဖော်ရေးကို ခွင့်ပြုပေးရေးနှင့် သီပေါမြို့နယ်၌ ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ပေးရေးကိစ္စတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အစိုးရဘက်မှ ထိုတောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ရာ၌ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ဆောက်ရန်အတွက် မြေပုံအညွှန်း တိတိကျကျပေးရန်၊ သီပေါရေအားလျှပ်စစ် စက်ရုံကိစ္စတွင် RCSS/SSA ဘက်မှ ရှယ်ယာထည့်ဝင်လိုသည်ဆိုပါက ထည့်ဝင်ခွင့်အတွက်စဉ်းစားပေးရန်၊ ထိုင်း-မြန်မာနယ်စပ်ဂိတ် ပြန်ဖွင့်ရန်အတွက် ဖြစ်နိုင်ခြေကို လေ့လာမည်ဖြစ်သဖြင့် ဆက်သွယ်ရမည့်သူတစ်ဦးထားပေးရန်နှင့် နမ့်ဖကောင်ကျောက်မီးသွေး တူးဖော်ရေးကိစ္စကို သမ္မတထံပြန်လည် တင်ပြပေးမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

UWSA အနေဖြင့် အစိုးရဘက်မှတောင်းဆိုခဲ့သည့် သန်းခေါင်းစာရင်းကောက်ယူရေးကိစ္စကို လက်ခံခဲ့ပြီးနောက် မှတ်ပုံတင်ပြုလုပ်ပေးရေးအပါအ၀င် အခြားတောင်းဆိုမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ခြောက်သိန်းနီးပါးနေထိုင်လျက်ရှိပြီး ဧရိယာစုစုပေါင်း ၁၇၀၀၀ စတုရန်းကီလိုမီတာရှိသော "၀" ဒေသကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ဒေသနှစ်ခုခွဲထားသည်။

Eleven Media Group

No comments:

Post a Comment