Monday, November 3, 2014

စစ်တပ်နဲ့ အစိုးရကို မကောင်းတာရေးမှ မီဒီယာတဲ့လား

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာ နေထိုင်တဲ့ ဦးစံရှိန် (အငြိမ်းစား စစ်မှုထမ်းဟောင်း) ရေးလိုက်တဲ့ စာတစ်စောင် မဇ္ဈိမ သတင်းစာရဲ့ စာဖတ်သူကဏ္ဍကို ရောက်လာခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာ က သူဟာအသက်ပြည့်လို့ အငြိမ်းစားယူခဲ့တဲ့ စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး အချိန်တွေ အားသွားကြောင်း သတင်းစာ၊ ဂျာနယ်တွေကို နေ့စဉ်ဖတ်တဲ့အခါ ဦးသိန်းစိန် အစိုးရတက်ပြီး နောက်ပိုင်း စာပေလွတ်လပ်ခွင့်တွေ ရလို့ ပွင့်လင်းစွာနဲ့ ထင်သာမြင်သာအောင် ရေးကြတာတွေကို ဖတ်ရတယ်လို့ ဆိုပါတယ်။ တပ်မတော်နဲ့ ပတ်သက်လို့၊ အစိုးရနဲ့ ပတ်သက်လို့ သတင်းပဲ ဖြစ်ဖြစ်၊ ဝေဖန်တာပဲဖြစ်ဖြစ် မကောင်းရေးကြတာ ဖတ်ရပေမယ့် သူ့စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူးလို့ ပြောပါတယ်။



မြန်မာနိုင်ငံမှာ အဓိကအရေးပါနေတဲ့ တပ်မတော်နဲ့ အစိုးရကို အပြုသဘောနဲ့ ဝေဖန်တာ၊ အကြံပြုတာ၊ ထောက်ပြတာတွေဟာ လုပ်သင့်သလို၊ လုပ်ရမယ့်အလုပ်တွေလည်း ဖြစ်ပါတယ်။ လူတိုင်းမှာ လွတ်လပ် စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းကျင့်ဝတ်အပြင် လူမှုကျင့်ဝတ်ပါ လေးစားပြီး လိုက်နာတဲ့ သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော် ဖြစ်သင့်တယ်လို့ ထင်မြင်မိကြောင်း သူ့အမြင်ကို ရေးပါတယ်။ သတင်းစာအချို့နဲ့ ဂျာနယ်အချို့မှာ ရေးထားတာတွေက ပြည်သူကို အသိပေးသင့်တဲ့ အကြောင်းအရာဖြစ်ပေမယ့် စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းရိုင်းပျတဲ့အသံတွေ ပါနေရင်စာဖတ် သူမှာလည်း ကူးစက်ပြီး ယဉ်ကျေးမှု ပြောင်းလဲတဲ့စိတ်နဲ့ အပြုအမူတွေဖြစ်လာပြီး နိုင်ငံနဲ့လူမျိုးအတွက် အန္တရာယ်ရှိတဲ့အတွက် ရေးသူမှာ တာဝန်ရှိပါတယ်လို့ ဆိုပါတယ်။ အစိုးရလွဲနေရင် အစိုးရ ဘယ်လိုလွဲ နေတယ်ဆိုတာ အကြောင်းအရာ အချက်အလက်နဲ့ တင်ပြနိုင်ရင် အစိုးရလည်း ဘယ်လိုမှ ဥပဒေ စည်း မျဉ်းကျော်ပြီး လုပ်လို့မရနိုင်တာကို ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်းတာနဲ့ သက်သေပြခဲ့နိုင်တာပဲ။ ဒီလိုပဲ တပ်မတော် လွဲနေရင်လည်း လွဲနေတာကို အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြည်သူတွေက တင်ပြပေးရင် တပ်မတော်ကလည်း ပြင်သင့်တာ ပြင်၊ အရေးယူရမှာကို ထိထိရောက်ရောက် အရေးယူလာမှာပါ။

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာဟာ နိုင်ငံအတွက် အရေးပါတာမို့ သတိပြုစေချင်လို့ စာဖတ်သူ ကဏ္ဍမှ တစ်ဆင့်ဖော်ပြပေးဖို့ ပေးပို့လိုက်ပါ တယ်လို့ ရေးလာခဲ့တာကို ဖော်ပြလိုက်ပါတယ်။
ဒါဖတ်ပြီးမှ ဝင်ပြိုင်ပါ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်မှာနေတဲ့ အငြိမ်းစားအရာရှိကြီး တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းရီရဲ့ စာကလည်း နှစ်ပေါင်း ၆၀ ကျော်မှ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမယ့် ရန်ကုန်မြို့ တော် စည်ပင်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူများကို ရန်ကုန်မြို့နေ ပြည်သူများရဲ့ကိုယ်စားရေး လိုက်တဲ့စာပါ။

အရင်က ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်တွေဟာ စစ်တပ်မှပြောင်းရွှေ့ ခန့်ထားခဲ့သူတွေ ဖြစ်ပြီး အခု ကော်မတီဝင်တွေ ကိုးဦးခန့်ထားတဲ့နေရာမှာ နိုင်ငံတော်သမ္မတက မြို့တော်ဝန်ကို တိုက်ရိုက်ခန့်အပ် ပြီး မြို့တော်ဝန်က ကျန်လေးဦးကို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းခန့်အပ်လို့ ပြည်သူလူထုကိုယ်စား လှယ် လေးဦး ရွေးချယ်ခွင့်ရမယ်ဆိုတာကိုလည်း လက်ခံပါတယ်လို့ ဆိုပါတယ်။ သူပြောချင်တာက အရွေးခံမယ့်သူတွေဟာ မြို့တော်စည်ပင်သာယာရေးနဲ့ ပတ်သက်လို့ ဘယ်လောက်သိထားလဲ။ ဘာတွေ လုပ်ပေးနိုင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ပြီးမှ ဝင်အရွေးခံကြပါလို့ ရေးပါတယ်။

အိမ်ရှေ့တွေမှာ ရှေ့နဲ့နောက်ဘေးတွေမှာ အဖီထုတ်ထားတာ၊ ချဲ့တာ၊ လူသွား ပလက်ဖောင်းနဲ့ ကားရပ်ထားတဲ့ နေရာတွေ မှာ ဈေးရောင်းနေကြတာကို စည်ပင်အနေနဲ့ ထိထိရောက်ရောက် အရေးမယူဘဲ လူကြီးလမ်းကြောင်း ရှိတဲ့နေ့မှသာ လမ်းရှင်းအောင် လုပ်နေမယ်ဆိုရင်တော့ စည်ပင်ရဲ့ မြို့တော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေအောင်မြင်မှာ မဟုတ်ပါဘူး။ ပြည်သူနဲ့ အမြဲထိတွေ့ ဆက်ဆံနေရတဲ့ ၀န်ထမ်းတွေရဲ့ အပြု အမူ အပြောအဆိုကလည်း အရေးကြီးသလို ပြည်သူဆီကနေ အပိုဝင်ငွေမရှာတဲ့၊ ပြည်သူပိုင်ပစ္စည်းအလွဲ သုံးစား မလုပ်စား ဝန်ထမ်းတွေဖြစ်အောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတာက ကော်မတီဝင်တွေအပေါ်မှာ မူတည်နေတာမို့ စဉ်းစားကြစေချင် ပါတယ်။ ပြည်သူအတွက် လုပ်ပေးနိုင်မယ့် အရည်အချင်းရှိမှ ဝင်ပြိုင် အရွေးခံကြပါ။ ဘွဲ့တွေ၊ ရာထူးတွေထက် ပြည်သူတွေကို လုပ်ပေးချင်တဲ့ စစ်မှန်တဲ့ စေတနာနဲ့ စီမံခန့်ခွဲနိုင်တဲ့ လုပ်ရပ်တွေက သက်သေဖြစ်လာမှာမို့ မလုပ်နိုင်ဘဲနဲ့တော့ ပြည်သူတွေကို စိတ်အနှောင့်အယှက် မပေးပါနဲ့လို့ ရေးလိုက်တဲ့စာကို ဖော်ပြလိုက်ပါတယ်။

Mizzima

No comments:

Post a Comment