Monday, November 3, 2014

ဦးအောင်သောင်းအား စီးပွားရေး ပိတ်ဆို့ခြင်းသည် ကြံ့ခိုင်ရေး ပါတီအား ဂုဏ်သိက္ခာ ချခြင်းဟုဆို

  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်းကို အမေရိကန် နိုင်ငံမှ Blacklist စာရင်း ထည့်သွင်း လိုက်ခြင်း သည် ပြည်ခိုင်ဖြိုး ပါတီကို ဂုဏ်သိက္ခာ ချခြင်း ဖြစ်ကြောင်း ယင်း ပါတီမှ ဗဟို အလုပ် အမှုဆောင် ဦးအောင်သိန်းလင်း က ပြောသည်။

             ဦးအောင်သောင်းသည် မကြာသေးခင်က စတင် လုပ်ဆောင လာသော နိုင်ငံရေး စီးပွားရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုများနှင့် အဂတိ လိုက်စားမှု များကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေ သကဲ့သို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ ကို နှိပ်ကွပ်ရာတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း နိုင်ငံတကာ မီဒီများတွင် ဖော်ပြထားချက် အရ သိရသည်။



         အမေရိကန်က အင်အားကြီး နိုင်ငံပဲ။ သူတို့ လုပ်တယ်။ ဘာအခြေအမြစ် ရှိလို့လဲ။ ကျွန်တော်တို့ ဘက်က ကြည့်ရင် ဦးအောင်သောင်းက ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်ပဲ။ ခိုင်ခိုင်လုံလုံ မရှိဘဲ လုပ်လို့ မရဘူး။ ပါတီကို သိက္ခာ ချတာပါ ဟု ဦးအောင်သိန်းလင်းက ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ် လာမှ ယခုကဲ့သို့ အမေရိကန်နိုင်ငံ အနေဖြင့် စီးပွားရေး ပိတ်ဆို့ လိုက်ခြင်းသည် ပြည်ခိုင်ဖြိုး ပါတီကို သွယ်ဝိုက်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ဦးအောင်သောင်းကို အမည်ပျက် စာရင်း သွင်းခြင်းသည်  အမေရိကန်-မြန်မာ စီးပွားရေးကို ထိခိုက်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက The Messenger Media သို့ ပြောကြားထားသည်။

    ခေါင်းဆောင်ပိုင်းက စဉ်းစားပြီး CEC  အစည်းအဝေးမှာ ဆွေးနွေးမယ် ထင်တယ် ဟု ဦးအောင်သိန်းလင်းက ဆက်လက် ပြောသည်။ ဦးအောင်သောင်း သည် ယခင် အစိုးရ လက်ထက်က စက်မှုဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်သာ မြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိ ခဲ့သည်။ ပြည်သူ့ လွှတ်တော်တွင် ဘဏ် များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၎င်း၏ သားများသည် ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်။

The Messenger

No comments:

Post a Comment