Friday, November 7, 2014

အာဆီယံ ကြေညာချက် ပေါက်ကြားမှု အာဆီယံဝင်နိုင်ငံများကို တရားဝင် သတိပေးမည်

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး နောက်ဆုံးနေ့တွင်မှ ထုတ်ပြန်ကြေညာရမည့် အာဆီယံ ကြေညာချက်မူကြမ်း ဗီအိုအေ (VOA) သတင်းဌာနသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခေါင်းဆောင်များကို သတိပေး ပြောကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။



“အခုဒီကိစ္စကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို ပေးပို့ထားတယ်။ ဒီမူကြမ်းက အာဆီယံနိုင်ငံက အရာရှိကြီးတွေကို ပို့ထားတာ။ ဘယ်ကပေါက်ကြားတယ် ဆိုတာလည်း သိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ပေါက်ကြားသွားသော ကြေညာချက်မူကြမ်းသည် အာဆီယံနိုင်ငံများသို့ ပေးပို့ထားသည့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည့် ပထမအဆင့် မူကြမ်းသာ ဖြစ်ပြီး ယင်းမှ အဆင့်ဆင့် ပြန်လည်ဆွေးနွေးကာ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အပြီးသတ်ဆုံးဖြတ်ပြီး ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါမူကြမ်း အဆင့်တွင် သက်ဆိုင်ရာ နိုင်ငံအကြီးတန်း အရာရှိများက ၎င်းတို့နှင့်နီးစပ်ရာ သတင်းဌာနများက ရလေ့ရှိကြောင်း၊ သို့သော် ယင်းမှာ မူကြမ်းအဆင့်သာ ဖြစ်ပြီး အရေးပါသော လျှို့ဝှက်မူကြမ်းအဆင့် မဟုတ်ကြောင်း အာဆီယံထိပ်သီး အစည်းအဝေးပွဲများထံ ပုံမှန်သတင်းယူနေသူတစ်ဦးက The Voice သို့ ရှင်းပြသည်။

အာဆီယံ ကြေညာချက်မူကြမ်းတွင် ဒေသတွင်းနိုင်ငံများသည် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များကို ပိုမိုလိုက်နာလာသည်ကို တွေ့ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများက အငြင်းပွားနေသော တရုတ်ပင်လယ်အရေးကိစ္စကို တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုကြောင်း ရေးသားထားသည်ဟု VOA သတင်းဌာနတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်သော မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးပျံပစ်လွှတ်မှုမျိုးနှင့် အာဆီယံဒေသတွင်း နိုင်ငံများက အစ္စလာမ္မစ်စစ်သွေးကြွများကို ပြစ်တင်ရှုတ်ချမှုမျိုးတို့ကိုလည်း ထည့်သွင်းထားသည်။

“နိုင်ငံတွေက လိုက်နာရမယ့် အာဆီယံရဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေကိုတော့ အားလုံးလိုက်နာရမယ်” ဟု နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment