Friday, November 7, 2014

ဒုတိယဗိုလ်ချုပ်ကြီးကိုကို အပါအဝင် သုံးဦးကို စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဟားဗတ်အစီရင်ခံစာတွင် ဖော်ပြ

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဗိုလ်ချုပ်မောင်မောင်အေးတို့ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအချို့ ကျူးလွန်ကြောင်း စိစစ်တွေ့ရှိထားသည်ဟု ဟားဗတ်ဥပဒေကျောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အစီရင်ခံစာ ပြုစုသူတစ်ဦး ဖြစ်သည့် Mr. Matthew Bugher က The Voice သို့ ပြောဆိုသည်။

တပ်မတော်၏ လက်ရှိ ထိပ်တန်းခေါင်းဆောင် သုံးဦးသည် လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ကရင်ပြည်နယ် အရှေ့ပိုင်း၌ လက်နက်ကိုင်တို့နှင့် တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာများကို မော်တာကျည်ဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် အစီရင်ခံစာတွင် ဖော်ပြထားသည့် တပ်မတော်ခေါင်းဆောင် သုံးဦးက အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့ကြောင်းကိုမူ သက်သေအခိုင်အမာ စိစစ်တွေ့ရှိခြင်း မရှိဘဲ အခြားလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများနှင့် အဆိုပါ ပြစ်မှုများ ဖြစ်ပွားချိန်၌ အထက်ပါ တပ်ခေါင်းဆောင် သုံးဦးမှာ အမိန့်ပေးစေခိုင်းသူ နေရာတွင် တာဝန်ယူထားသူများ ဖြစ်၍ ယင်းသို့ စစ်ရာဇဝတ် ကျူးလွန်သူများ အဖြစ် ဖော်ပြခြင်းဖြစ်ကြောင်း Mr. Bugher က ရှင်းပြသည်။

“ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်နဲ့ တွေ့တဲ့အခါမှာ သူ (ဗိုလ်ချုပ်ကျော်ညွန့်) က ဒါတွေဟာ တဖတ်သက် ဖြစ်နေသလို မှန်ကန်ခြင်းလည်း မရှိဘူးလို့ တုံ့ပြန်ပါတယ်” ဟု Mr. Matthew Bugher က The Voice သို့ ပြောဆိုသည်။

အစီရင်ခံစာတွင် ဖော်ပြသည့် စစ်ရာဇဝတ်မှုမှာ တပ်မတော်နှင့် လက်နက်ကိုင် နှစ်ဖက်လုံးက ကျူးလွန်ခြင်းမျိုး ဖြစ်ပြီး ယခုအစီရင်ခံစာတွင် တပ်မတော်၏ ကျူးလွန်မှုများကို အဓိက ပြုစုဖော်ပြထားခြင်း ဖြစ်ကြောင်း၊ အခြား လက်နက်ကိုင်အဖွဲ့များ၏ အလားတူ ကျူးလွန်မှုမျိုးကိုလည်း မြန်မာအစိုးရနှင့် အခြားသော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ဟားဗတ်ဥပဒေကျောင်း၏ အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာ၌ လက်ရှိအချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ မပြုလုပ်သင့်ကြောင်း၊ ပြည်တွင်းစစ် ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် နှစ်ဘက်လုံးတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့နိုင်သည်ဟု တုံ့ပြန်ဖြေကြားကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစီရင်ခံစာ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီး ချီတက်ရာလမ်းတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ အစိုးရအဖွဲ့အတွင်း တာဝန်ယူထားသည်မှာ လက်ခံနိုင်ဖွယ် ကိစ္စမဟုတ်၍ ယင်းသို့ ဖော်ထုတ်ခြင်းဖြစ်ပြီး ဒီမိုကရေစီ ရှေ့အနာဂတ်တွင် အလားတူ ဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်၍ အရေးယူသင့်ကြောင်း Mr. Matthew Bugher က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment