Monday, November 24, 2014

ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြမှုများနှင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ပြည်သူများအား လိုက်လံစည်းရုံးမှုများ ပြုလုပ်

အမျိုးသားပညာရေးဥပဒေကို ရန်ကုန်မြို့၌ လေးရက်တိုင်တိုင် သပိတ်မှောက်ဆန္ဒပြခဲ့ကြသော ကျောင်းသားသမဂ္ဂများက နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင်လည်း ဆန္ဒပြမှုများ၊ ကျောင်းသားပြည်သူများကို စည်းရုံးဟောပြောမှုများ ပြုလုပ်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (ဆန္ဒပြကျောင်းသားများ)ထံမှ သိရသည်။

နိုဝင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် မြင်းခြံမြို့တွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြမှုများနှင့် ကျောင်းသား၊ ပြည်သူများသို့ ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သော လေးရက်မြောက်နေ့တွင် ကျောင်းသားသမဂ္ဂများက အစိုးရအနေဖြင့် ရက် ၆၀ အတွင်း ညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်ပေးပါက ပိုမိုပြင်းထန်သည့် သပိတ်တိုက်ပွဲများကို ဆင်နွှဲသွားမည်ဖြစ်ကြောင်းနှင့် ရက် ၆၀ အတွင်း၌လည်း နိုင်ငံတစ်ဝန်း ကျောင်းသားသမဂ္ဂရှိသော မြို့နယ်များတွင် ဟောပြော စည်းရုံးမှုများ၊ ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ အစိုးရအပေါ်ကို ရာဇသံပေးတဲ့ ကြေညာချက်အတိုင်းပါပဲ။ သပိတ်အသေးစားတွေ မြို့နယ်တိုင်းမှာလုပ်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ကျောင်းသားတွေကို ဒီဥပဒေအကြောင်းရှင်းပြပြီး ဟောပြောစည်းရုံးမှုတွေ လုပ်နေတာပါ” ဟု ဗကသများအဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ပြောကြားသည်။

ထို့ပြင် မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ကျောက်ဆည်၊ ပြည်၊ မကွေး၊ မိတ္ထီလာ၊ ဖျာပုံ၊ မအူပင်၊ လားရှိုး၊ ကလေးမြို့များတွင်လည်း ဟောပြောစည်းရုံးမှုများကို လုပ်ဆောင်သွားမည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုနန်းလင်းက ပြောကြားသည်။

“အခုလည်း ထားဝယ်ကို ကျောင်းသားသမဂ္ဂတွေ သွားနေတယ်။ ဟိုက အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံနေတယ်။ ကျောင်းသားတွေကြားထဲဆင်းပြီး စည်းရုံးမှုတွေလည်း လုပ်နေ တယ်။ ရက် ၆၀ အတွင်း အနယ်နယ်အရပ်ရပ်မှာ အဲဒီလိုလုပ်သွားကြမှာ” ဟု ကိုနန်းလင်းက ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံဝင်း အတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆန္ဒပြနေသော ကျောင်းသားလူငယ်များတွင် ကောင်းမြတ်သော စေတနာရှိ လိမ့်မည်ဖြစ်ကြောင်း၊ အတွေးအခေါ်များသည်လည်း နိုင်ငံ့တန်ဖိုး အတွက်ဖြစ်မည်ဟု ယူဆကြောင်းနှင့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်ကိုတင်ပြလာပါက အလေးအနက်ထားပြီး ဆောင်ရွက်ရန် အသင့် ရှိကြောင်း ပြောကြားထားသည်။

“ကျွန်တော်တို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီ ၁၅ ဦးက အခုနယ်တွေမှာ ရောက်နေပါတယ်။ ရန်ကုန်မှာမဟုတ်ပါဘူး။ လကုန်ပိုင်းလောက်ဆိုရင်တော့ ရန်ကုန်မှာ ပြန်ဆုံဖို့ဖြစ်နိုင်ပါတယ်။ အဲဒီကျရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့၊ မတွေ့ဆိုတာကို အစည်းအဝေးထိုင်ပြီး ဆွေးနွေး သွားကြမှာပါ” ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment