Monday, November 24, 2014

နိုင်ငံရေးကို အခြေအနေအချိန်အခါပေါ် မူတည်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံရေးကို အခြေအနေအချိန်အခါပေါ်မူတည်ပြီး လုပ်သင့်၊ မသင့် ဆုံးဖြတ်ရမည်ဟု ၎င်း၏နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဗွီအိုအေသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။


ဗွီအိုအေသတင်းဌာနမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးရည်မှန်းချက် အခြားနိုင်ငံရေးတာဝန်များကို ဆက်လက်ပြီးထမ်းဆောင်မည့် အနေအထားအားမေးမြန်းရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ...နိုင်ငံရေးဘက်ကိုသွားပြီး အာရုံစိုက်လိုက်မယ်ဆိုရင် ကျွန်တော့်ဒီက တပ်ပိုင်းဆိုင်ရာတွေက အများကြီးအားလျော့သွားစရာတွေ ရှိတယ်။ ဒါကတော့ အခြေအနေအချိန်အခါအပေါ် မူတည်ပြီးတော့ပဲ လုပ်သင့်ရင်လည်း လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း ဆုံးဖြတ်ရမယ့် အခြေအနေ ရှိပါတယ်။ ဒီအချိန်မှာတော့ ပြောဖို့တော့ စောသေးတယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ဆက်လက်၍ “နံပါတ် (၁) အချက် ကျွန်တော့်ရဲ့ဆန္ဒပေါ့။ ဆန္ဒက တိုင်းပြည်တည်ငြိမ်အေးချမ်း စေချင် တာပါ။ နံပါတ် (၂) က ဘာလဲဆိုတော့ ရှိနေတဲ့လူတွေအားလုံး စည်းစည်းလုံးလုံး ရှိစေချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုးတက်ဖို့သွားရမှာပေါ့။ ကျွန်တော်တို့လုပ်နိုင်တဲ့ အချိန်အတွင်းမှာ တိုင်းပြည်တိုးတက်အောင် လုပ်သွားမယ်။ သမိုင်းကို ကျွန်တော်တို့ ရေးနေကြတာပါ။ ကိုယ့်သမိုင်း၊ ကိုယ့်တိုင်းပြည်တိုးတက်ဖို့ အတွက် ဘယ်လောက်လုပ်နိုင်မလဲ၊ လုပ်နိုင်ရင်လုပ်သွားမှာပေါ့။ မလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူကို ကျွန်တော်တို့က တည်ဆောက်ပေး ခဲ့ရမှာပေါ့။ ဒီလိုသွားရမှာဖြစ် ပါတယ်။ ...။ တိုင်းပြည်အတွက် အများကြီး လုပ်ပေးချင်ပါတယ်။ တကယ်ဆန္ဒရှိတယ်။ အခြားလူတွေ ကိုလည်း ဒီလိုပဲဖြစ်စေချင်တာပေါ့။ တစ်ယောက်တစ်ပေါက် အငြင်းပွားနေမယ့် အစားတိုင်းပြည် ကောင်းအောင် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ စိတ်ပေါ့လေ။ ကိုယ်ကျတဲ့တာဝန်ကနေ လုပ်ကြပေါ့” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေးတို့နှင့် ပတ်သက်၍လည်း ၎င်း၏အမြင်ကို ဖြေကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ လက်ရှိဒီမိုကရေစီတည်ရှိမှု၏ အသက်တစ်ခုဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိသူ ၂၇ သန်းကျော်ထဲမှ ၂၆ သန်းကျော် မဲပေးထောက်ခံမှုဖြင့် အတည်ပြုထားသည့် ဥပဒေတစ်ခုဖြစ်ကြောင်း၊ ယင်းခေတ်အခါတုန်းက လူထုက များစွာလက်ခံသည့် အနေအထားဖြစ်သည်ကို ငြင်းလို့မရကြောင်း၊ တပ်မတော်အနေဖြင့် အခြေခံဥပဒေအပေါ် ခိုင်ခိုင်မာမာ ထိန်းသိမ်းစောင့်ရှောက်သွားဖို့ တာဝန်ရှိသည်ဟုခံယူကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။  

တပ်မတော်သားကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ မပြင်ဆင်ရေး ဆွေးနွေးနေသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင်အစိုးရ ခေါင်းဆောင်အသီးသီးက တွက်ဆပြီး ဥပဒေခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ပေး ထားခြင်းဖြစ်သောကြောင့် တပ်မတော်အနေဖြင့် ဆက်လက်ထိန်းသိမ်းသည့် သဘောအနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူငါးသန်းနီးပါးက ပုဒ်မ ၄၃၆ ပြင်ပေးရေး ဆန္ဒပြုလက်မှတ်ရေးထိုးကာ လွှတ်တော်သို့တင်ပြခဲ့သည့် ကိစ္စအပေါ် တပ်မတော်၏အမြင်ကို မေးမြန်းရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အကယ်၍ မဲဆန ငါးသန်းပေါ့၊ ဒီငါးသန်းရဖို့အတွက် ဘယ်လိုကောက်လဲ၊ ပြုလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါကတော့ ပုံစံအမျိုးမျိုးရှိမှာပေါ့။ ဘယ်လောက်အထိ ခိုင်မာမှုရှိမယ်၊ မရှိမယ်ဆိုတာလည်း ကျွန်တော် မပြောနိုင်ပါဘူး။ နောက်ဒီငါးသန်းဆိုတဲ့ သူတို့ပြောတဲ့ ပမာဏက လက်ရှိကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့လူဦးရေ ၅၁ သန်းနဲ့ဆိုရင်တော့ ဆယ်ပုံ၊ တစ်ပုံပဲ ရှိတာပေါ့။ ဒီငါးသန်းရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်သလို တစ်ဖက်ကလည်း စောစောကကျန်နေတဲ့ ၄၆ သန်းသောပုဂ္ဂိုလ်များ၊ လူများရဲ့အထဲမှာ ၁၈ နှစ်အထက်လူများလည်း ရှိကြမှာပေါ့။ သူတို့ရဲ့ဆန္ဒတွေကိုလည်း ကျွန်တော်တို့က ကြည့်ဖို့ လိုမှာပေါ့” ဟု ပြောကြားခဲ့သည်။

ပုဒ်မ ၅၉(စ)ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းဥပဒေကို လူပုဂ္ဂိုလ်တစ်ယောက်၊ လူတစ်စု၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးကို ခြုံငုံပြီး ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုသည် ကျဉ်းသည်ဟုမြင်ကြောင်း၊ ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များဖြင့် ပြောရဆိုရမည် ဆိုပါက ပို၍အကျိုးရှိမည်ဟုထင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ယောက်ချင်းတွေ့ဆုံရန်ဆိုသည်မှာ ခက်ခဲကြောင်း၊ သို့ရာတွင် လိုအပ်သည့် အခြေအနေတွင် တွေ့ဖြစ်ရင်လည်း တွေ့သွားမည်ဟု ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမှန်တကယ် ငြိမ်းချမ်းရေးရလိုပါက တပ်မတော်မှချမှတ်ထားသည့် ငြိမ်းချမ်းရေးမူခြောက်ချက်ကို အားလုံး အတိအကျ လိုက်နာရမည်မဟုတ်ဘဲ လိုက်နာသင့်သည့် အချက်များကို တတ်နိုင်သမျှလိုက်နာပြီး ဆောင်ရွက်ပါက အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၉ ရက်က KIA ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်မှာ စစ်၏သဘောတရားအရ သတိပေး ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်မတိုင်မီကလည်း တပ်မတော်ဘက်မှ အကျအဆုံးများစွာ ရှိခဲ့သော်လည်း ငြိမ်းချမ်းရေးမပျက်ချင်သည့်စိတ်နှင့် ကျိတ်မှိတ်သည်းခံခဲ့ကြောင်း၊ နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် အမျိုးသားတပ်မတော်ဆိုသည်မှာ တစ်ခုပဲရှိပြီး အပြိုင်ဖွဲ့စည်းထားသည်များ မရှိကြောင်း၊ တပ်မတော်သားများ စည်းကမ်းဖောက်ဖျက်ပါက အရေးယူသည့် ဖြစ်စဉ်များရှိပြီး ပြစ်ဒဏ်ပေးရာတွင်လည်း နယ်ဘက်ဆိုင်ရာ အပြစ်ပေးတာထက်ပိုပြီး ပြင်းထန်ကြောင်း တပ်မတော်သားများသည်ပြည်သူ ကြားက ပေါက်ဖွားလာသည့်သူများဖြစ်၍ ပြည်သူကိုစော်ကားခြင်းမျိုး ဖြစ်လို့မရကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment