Thursday, November 27, 2014

ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်

လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များသည် ပြည်သူလူထု၏ ဘ၀ကို အကျိုးပြုစေရန် လိုအပ်နေသော နည်း ဥပဒေများ ဆောလျင်စွာ ပြဋ္ဌာန်း ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကော့မှူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ဥပဒေပြုရေး မဏ္ဍိုင် ဖြစ်တဲ့ လွှတ်တော်ရဲ့ အဓိက တာဝန်က ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုမယ့် ဥပဒေများ ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒီဥပဒေတွေဟာ ထိရောက်မှု ရှိမှ၊ တကယ်ပဲ ပြည်သူ တွေရဲ့ ဘ၀အပေါ် ထိရောက်မှုရှိမှ သာလျှင် ပြည်သူ့ အကျိုးပြုတယ်လို့ ဆိုနိုင်မှာပါ။ စက္ကူပေါ်မှာပဲ ရှိတဲ့ ဥပဒေတွေ ဆိုရင်တော့ ပြည်သူ့ အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပြီး ဖြစ်သော ဥပဒေ များကို နိုင်ငံတော်၏ လိုအပ်ချက်များနှင့် အညီ အကောင်အထည် ဖော်နိုင်ရေး အတွက် နည်း ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အချိန်နှင့် တပြေးညီ ဆောလျင်စွာ ထုတ်ပြန်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ၄င်းက တင်သွင်းခဲ့သည်။

လွှတ်တော်တွင် ပြဋ္ဌာန်းပြီး ဖြစ်သော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ ငွေကြေး သက်သေခံ လက်မှတ်များ လဲလှယ်ရေးနှင့် ရောင်းဝယ်ရေး ဥပဒေ၊ အနည်းဆုံး အခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ၊၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ၊ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြင့်တင်ရေး ဥပဒေ၊ သတင်း မီဒီယာ ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ အမျိုးသား ပညာရေး ဥပဒေ စသည်တို့ ကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးလိုက် သော်လည်း နည်း ဥပဒေများ ထွက်ပေါ်လာမှု မရှိသောကြောင့် ပြည်သူလူထု အပေါ် အကျိုးပြုမှု မရှိသည်ကို တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆို တင်သွင်းရာ၌ ပြောကြားခဲ့သည်။

ပြဋ္ဌာန်းပြီးသား ဥပဒေတွေ အတွက် တောင်မှ နည်း ဥပဒေတွေ မထွက်သေးဘူး ဆိုရင် နောင် ကျွန်မတို့ ပြဋ္ဌာန်းမယ့် ဥပဒေတွေ အတွက် နည်း ဥပဒေ စည်းမျဉ်း စည်းကမ်းတွေဟာ ဘယ်တော့မှ ထွက်နိုင်မလဲ ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ အရှေ့က နေပြီး လွှတ်တော်က ဥပဒေတွေ ပြဋ္ဌာန်း သွား ပြဋ္ဌာန်းသွား အနောက် ကနေ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းတွေက မှီအောင် မလိုက်နိုင်ရင် ဒီဥပဒေ ပြဋ္ဌာန်းချက် တွေဟာ လုပ်ချက်တွေပဲ ဖြစ်ပါ လိမ့်မယ်။ ပြည်သူလူထုရဲ့ယုံကြည်မှု ဟာလည်း ကျဆင်းလာပါ လိမ့်မယ် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တင်သွင်းသော အရေးကြီး အဆိုကို ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက ထောက်ခံခဲ့ပြီး ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော် အနေဖြင့် ဥပဒေပြု မဏ္ဍိုင်၏ အမြင့်ဆုံး နေရာ ဖြစ်ကြောင်း၊ လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များကို ရက်ပေါင်း (၉၀) အတွင်း သက်ဆိုင်ရာ ဌာနများ အဖွဲ့အစည်း များမှ နည်းဥပဒေ လုပ်ထုံး လုပ်နည်း အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် သတ်မှတ်ထားမှု ရှိကြောင်း၊ လက်တွေ အခြေအနေတွင် အဆိုပါ သတ်မှတ်ချက်နှင့် အညီ လုပ်ကိုင် ဆောင်ရွက်မှု မရှိကြောင်း သူရ ဦးအောင်ကိုက ပြောကြားခဲ့သည်။

နည်းဥပဒေတွေ မထုတ်ပြန်နိုင်သေး ရင်လည်း သက်ဆိုင်ရာ ဌာနက ပုဂ်္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပုဂ်္ဂိုလ်တွေ အနေနဲ့ ပြည်ထောင်စု လွှတ်တော် ကို လာရောက်ပြီး အကျိုး အကြောင်း ရှင်းပြသင့် ပါတယ်။ ဒါမှ ပြည်သူလူထုရဲ့ အမြင် ရှင်းလင်းမှာ ဖြစ်ပါတယ် ဟု သူရ ဦးအောင်ကိုက ဆိုသည်။

ပြည်ထောင်စု တရား လွှတ်တော်ချုပ် အနေဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များမှပေး ပို့လာသော နည်းဥပဒေ (၄၇) ခုအနက် နည်းဥပဒေ (၃၇) ခုကို စိစစ် အကြံပြုကာ ပြန်လည် ပေးပို့ ထားပြီး လုပ်ထုံး လုပ်နည်းငါးခု ကိုလည်း စိစစ်၍ အကြံပြုချက် များဖြင့် ၀န်ကြီးဌာနများ ထံသို့ ပြန်လည်ပေးပို့ ထားကြောင်း ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောသည်။ ထို့ပြင် အနည်းဆုံး အခကြေးငွေ ဥပဒေ၊ နည်းဥပဒေ၊ လူမှုဖူလုံရေး နည်းဥပဒေ၊တောင်သူ လယ်သမား နှင့်ဆိုင်သော ဥပဒေ များကို သက်ဆိုင်ရာ ၀န်ကြီးဌာန များသို့ စိစစ် ပြန်ကြား ထားပြီး သတင်းမီဒီယာ နည်း ဥပဒေ နှင့် ဆက်သွယ်ရေး နည်းဥပဒေများ မှာ စိစစ်ဆဲ ဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး နည်းဥပဒေနှင့် ပညာရေး ဥပဒေ တို့မှာ သက်ဆိုင်ရာ ၀န်ကြီးဌာန များက ဆောင်ရွက်နေကြောင်း ရှင်းလင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီး အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုချက်ရ ယူရာ ကန့်ကွက်သူ မရှိသောကြောင့် ယင်းအဆိုကို အတည်ပြုခဲ့သည်။

Messenger News Journal

No comments:

Post a Comment