Thursday, November 27, 2014

ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစတွင် သင့်တင့်မျှတသော လစာတိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက်ကြောင့် ယင်းကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်၏ စီမံကိန်းများ မှန်ကန်စွာ လုပ်ဆောင်ရေးနှင့် အခက်အခဲများ ရှိပါက အစိုးရအဖွဲ့ အနေနှင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အဆိုကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက အရေးကြီးအဆို တင်သွင်းရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံတွင် ဝန်ထမ်းအင်အား ၁၄ သိန်းခန့် ရှိပြီး နိုင်ငံဘဏ္ဍာငွေ၊ ဝန်ထမ်း ထောက်ပံ့ငွေ၊ လစာ၊ အသုံးစရိတ်၊ အစိုးရ အသုံးစရိတ်နှင့် ပင်စင်လစာ အပါအဝင်၊ ရောင်းလိုအား၊ ဝယ်လိုအား စသည့် အချက်များနှင့် ပတ်သက်ဆက်နွယ်လျက် ရှိသောကြောင့် စိစစ်မှုများစွာ ပြုလုပ်နေရကြောင်း အဆိုပါဝန်ကြီးက ထပ်လောင်းပြောဆိုသည်။
“ဘယ်လောက် တိုးမယ်ဆိုတဲ့ သတ်မှတ်ချက် လုပ်ငန်းတွေက မပြီးသေးပါဘူး” ဟု ၎င်းကဆိုသည်။

လစာတိုးတက်မှုကြောင့် ဖောင်းပွလာမည့် ငွေကြေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုပါ လေ့လာသုံးသပ်နေရပြီး သင့်တင့်သော လစာတစ်ခု ဖြစ်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးဦးဝင်းရှိန်က ပြောဆိုသည်။

နိုင်ငံတော်၏ စီမံကိန်းများကိုလည်း အခက်အခဲ ရှိနိုင်ခြင်း၊ အောင်မြင်မှု နည်းခြင်းနှင့် များခြင်း အပါအဝင်နှင့် ဝင်ငွေထွက်ငွေ မျှတမှုများကို ချင့်ချိန်ရန် ဆောက်ရွက်နေပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံး၏ GDP အချိုးသည် သုံးနှစ်အတွင်း ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး ဖြစ်သော်လည်း နိုင်ငံတော်အဆင့် အသုံးစရိတ် အဆင့်ဆင့်ကို တွက်ချက်၍ ဖြစ်ပေါ်လာနိုင်သည့် ငွေကြေး ဖောင်းပွမှုနှင့် အကျိုးဆက် ဂယက်ရိုက်နိုင်မည့် ကိစ္စများကို စနစ်တကျ စိစစ်နေကြောင်း ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တင်ရှိနေသော နိုင်ငံခြားကြွေးမီများသည်လည်း ထည့်သွင်းစဉ်းစားရမည့် ကိစ္စဖြစ်ပြီး လွှတ်တော်မှ မျှော်လင့်ထားမှုနှင့် စိစစ်ဆောင်ရွက်ချက်များတွင် သဘောထား ကွဲလွဲချက်နှင့် အမြင်မတူမှုများ ဖြစ်နေနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ထပ်လောင်းပြောကြား သည်။

The Voice Weekly

No comments:

Post a Comment