Sunday, November 9, 2014

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အ၀ရရှိသည့် အစိုးရမဟုတ်သေးကြောင်း ကယားပြည်နယ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိအစိုးရသည် ဒီမိုကရေစီစံနှုန်းစံထား အပြည့်အဝရရှိသည့် အစိုးရမဟုတ်သေးကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးတဲ့အချိန် ရောက်နေပါပြီ။ အရင်တုန်းက တပ်မတော်အုပ်ချုပ်ရေးစနစ် နဝတ၊ နအဖ။ ၂ဝ၁ဝ ရွေးကော်ပွဲပြီးတော့ အခုအစိုးရ။ အခုအစိုးရကို တချို့က ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါတယ်။ ကျွန်မကတော့ ရိုးရိုးပဲပြောရမယ်ဆိုရင် ဒီမိုကရေစီစံနှုန်း စံထားကိုတော့ အပြည့်အဝ ရောက်ရှိသေးတဲ့ ရရှိသေးတဲ့ အစိုးရတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် ကျွန်မတို့ ကြိုးစားနေတဲ့ ကာလပဲဖြစ်ပါတယ်။ အဲဒါကြောင့် အင်မတန်မှ အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေက အဖြစ်ကို အဖြစ်အတိုင်း မှန်မှန်မြင်နိုင်ရမယ်။ သတ္တိရှိရှိနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ရမယ်။ ဒါမှကျွန်မတို့ အားလုံးက တကယ့်ပြည့်ဝတဲ့ ဒီမိုကရေစီ ပြည်ထောင်စုဆီကို ခရီးနှင်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီလောက်ပဲလားလို့ မေးတဲ့သူတွေရှိတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ ဒီလောက်ပဲ မဟုတ်ပါဘူး။ ကျွန်မတို့သွားရမယ့်လမ်းက ရှည်ပါသေးတယ်။ သို့သော်လည်း ကျွန်မတို့ တက်ညီလက်ညီနဲ့ သွားမယ်ဆိုရင် ဒီခရီးကို ကျွန်မတို့ အောင်အောင်မြင်မြင် ကျော်လွှားနိုင်မှာပါ” ဟု ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာကိုယ်စားပြုပါတီဖြစ်ပြီး တိုင်းရင်းသားပါတီများကို ကိုယ်စားမပြုကြောင်း ပြောကြားချက်များသည် မှန်ကန်မှုမရှိကြောင်း၊ NLD သည် တိုင်းရင်းသားများအား ကိုယ်စားပြုသည့်ပါတီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်တော့မည်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးမှုများအား ပြည်သူများအနေဖြင့် လျစ်လျူရှုမထားသင့်ကြောင်း၊ စိတ်ဝင်တစား နားထောင်သင့်ကြောင်း၊ မည်သူများက အမှန်တရားကို ကိုယ်စားပြုသည် ဆိုသည်အား စဉ်းစားကြစေလိုကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် မဲဆန္ဒပေးမှုများကို ဂရုပြုသင့်ကြောင်း၊ မဲဆန္ဒပေးမှုမှားယွင်းပါက မိမိမဲပေးရွေးချယ် ခဲ့သူများသည် မိမိတို့အား ပြန်လည်ဒုက္ခရောက်စေတတ်မှုကို သတိပြုသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲသို့ ကယားပြည်နယ်လွိုင်ကော်၊ ဒီမောဆို၊ ရှားတော၊ ဘော်လခဲ၊ မယ်စဲ့မြို့ နယ်များနှင့် ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့မှ ဒေသခံလူဦးရေ ၁ဝ,ဝဝဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲအား လုံခြုံရေးအဖြစ် ကယားပြည်နယ်ရဲတပ်ဖွဲ့ရှိ ရဲအင်အား ၁၅ဝ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းသည့် မေးခွန်း ၁ဝ ခုအား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားပေးသည်။

Eleven Media Group

No comments:

Post a Comment