Thursday, November 20, 2014

လိုင်ဇာမြို့အနီး ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းရှိ သင်တန်းသားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၂ ဦးသေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ အရှေ့မြောက်ဘက် ငါးမိုင်ကျော်အကွာတွင် တည်ရှိသော ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဗိုလ်သင်တန်းကျောင်းရှိ သင်တန်းသားများသည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၂ ဦး သေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။


နိုဝင်ဘာ ၁၉ ရက် နံနက် ၃ နာရီခွဲခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်းကျေးရွာအနီးတွင်  တပ်မတော်နှင့် KIA တပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ဝန်းကျင်တွင်လည်း မြစ်ကြီးနားမြို့ ပလနရပ်ကွက်မှ ၁ဝ မိုင်ခန့်အကွာတွင် တပ်မတော်နှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  ပြီးနောက် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ KIO ဗဟိုမှ မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် အစိုးရသို့ ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ဦးလမိုင်ဂွန်ဂျာက “ လက်နက်ကြီးကျတာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ခါယာတောင်မှာထိုင်တဲ့ လက်နက်ကြီးတပ်၊ တောင်ကုန်းပေါ်မှာထိုင်တဲ့ တပ်တွေက ဒီ ခါယာတောင်ကုန်းမှာ ထိုင်တဲ့သူတွေက အဲဒီ ဗိုလ်လောင်းကျောင်းက အပေါ်ကကြည့်လို့ ရှိရင် အထင်းသား သွားလာလှုပ်ရှားမှုအားလုံးကို မြင်နေရတယ်။ မြင်နေရတဲ့အခါ သူတို့က သင်တန်းသားတွေစုဝေးတဲ့နေရာမှာ လက်နက်ကြီးနဲ့ပစ်လိုက်တာဗျ”ဟုပြောကြားသည်။

“အစဦးက လူ ၂ဝ သေပြီးတော့ ၁၆ ဦး ဒဏ်ရာရတယ်။ အခု ည ၈ နာရီမှာ ရတာက နောက်ထပ်နှစ်ဦး သေဆုံးတယ်လို့ သိရတယ်။  ပစ်ခတ်တဲ့တပ်က  မိုးကောင်းမြို့ အခြေစိုက် စခက (၃) လက်အောက်ခံတပ်ရင်း ခမရ (၃၈၉)ကလို့ သိရတယ်”ဟု ဦးလမိုင်ဂွန် ဂျာက ပြောကြားသည်။

လိုင်ဇာရှိ ဗိုလ်သင်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းရာ အခြေအနေနှင့်ပတ်သက်ပြီး ပြောခွင့်မရှိဟု တာဝန်ကျ တပ်မတော်သားတစ်ဦးက ပြန်လည် ဖြေကြားသည်။

ထို့ပြင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIO ၏ ပြောရေးဆိုခွင့်ရှိသူများနှင့် KIA မှ အဆင့်မြင့်အရာရှိတို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ဦးလမိုင်ဂွန်ဂျာကမူ “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အိုကလည်း ကျွန်တော်တို့ PCG ကို ဖုန်းနဲ့ လှမ်းအကြောင်းကြားပြီးတော့ သက်ဆိုင်ရာကို အကြောင်းကြားထားပေးပါ။ စာကတော့ မနက်ဖြန်မှ ပို့မယ်ဆိုတာကို အကြောင်းကြားထားတဲ့အပေါ်မှာ ကျွန်တော်တို့လည်း ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကိုလည်း အကြောင်းကြားထားပြီးပါပြီ။ နောက်ပြီး UPWC ကိုလည်း ဖုန်းနဲ့တော့ လှမ်းအကြောင်းကြားထားတယ်”ဟု ဆိုသည်။

လိုင်ဇာရှိ ဗိုလ်သင်တန်းကျောင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး PCG ၏ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားမှုကို လက်ခံရရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်တင်ပြထားသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေက ပြောကြားသည်။

တပ်မတော်နှင့် KIA တပ်တို့အကြား ၂ဝ၁၁ ဇွန်လမှ စတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ ပြင်းထန်သည့် တိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရဆဲဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် မေလတွင် အစိုးရနှင့် KIO မှ ကိုယ်စားလှယ်များပါဝင်သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းကာ နှစ်ဖက်အကြားတိုက်ပွဲများ၊ ပဋိပက္ခများ  လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ယခု ရက်ပိုင်းအတွင်း နှစ်ဖက်တပ်များအကြားများ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်နှင့် ကေအိုင်အေကြား တိုက်ပွဲများလျှော့ချရန် နှစ်ဖက်ပဋိပက္ခများ ဖြစ်ပွားနိုင်သည့်ကိစ္စရပ်များ ညှိနှိုင်းဖြေရှင်းရန် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ကို တစ်လလျှင် တစ်ကြိမ်တွေ့ဆုံပြီး ပုံမှန်ဆွေးနွေးရန် စသည့်ရည်ရွယ်ချက်များဖြင့် အစိုးရ နှင့် ကေအိုင်အိုတို့၏ နှစ်ဖက်ခေါင်းဆောင်များပါဝင်သည့် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို   ၂ဝ၁၄ ခုနှစ် မေ ၃၁ ရက်က ဖွဲ့စည်းခဲ့သည်။

Eleven Media Group

No comments:

Post a Comment