Saturday, November 1, 2014

လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူငယ်တစ်ဦး အထက်ပန်းဆိုးတန်း လမ်းပေါ်တွင် သေဆုံး

အောက်တိုဘာ ၃၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကလေး (မြောက်ပိုင်း)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်ဝင်းသည် ကျန်းမာရေးအတွက် ကန်တော်ကြီး ပတ်လမ်း၌ လမ်းလျှောက်ရန် ထွက်လာစဉ် အထက်ပန်းဆိုးတန်း လမ်း မြန်မာမေဖလား ဝါးဘဏ်ရှေ့ လူသွား စင်္ကြံ ပလက်ဖောင်းပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်နှင့် ဦးခေါင်းတင်၍ ခြေထောက် နှစ်ဖက်မှာ မော်တော်ကား လမ်းပေါ် ပက်လက် အနေအထားဖြင့် လဲကျနေသည် ကိုတွေ့ရှိ၍ အရက်မူးလဲနေသည်ထင်မှတ်ကာ အနီးကပ်သွားရောက်ကြည့်ရှုရာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့စခန်းသို့ ချက်ချင်း ဖုန်းဆက်သတင်းပေးပို့ရာ တာဝန်ကျ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးစစ်ဆေးကာ အလောင်းကိုရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့အပ်လိုက်သည်။

သေဆုံးသူမှာ အသက်(၂ဝ)အရွယ်ခန့် လူငယ်တစ်ဦးဖြစ်ပြီး အပြာနုရောင် ဂျင်းဘောင်းဘီအရှည် အညို ရောင် တီရှပ်လက်တိုအင်္ကျီဝတ်ဆင်ကာ ငွေစက္ကူ ကျပ်ငါးရာဖိုးခန့် လက်နှစ်ဖက်စလုံးတွင် ဆုပ်ကိုင် ထားလျက် ရှိသည် ကို တွေ့ရသည်။

မည်သူမည်ဝါ အထောက်အထားမတွေ့ရှိ၍ စုံစမ်းရာ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်တွင် ဦးလေး တော်စပ်သူနှင့် လွန်ခဲ့သော တစ်နှစ်ခန့်က အတူနေထိုင်ခဲ့ပြီး ဆိုက်ကားနင်းသည်ဟု ကနဦးစုံစမ်း ချက် အရ သိရှိရ သည်။  ဆက်လက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ သာကေတ(၄)ရပ်ကွက် ရန်ပြေ (၄)လမ်းနေ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်ဖြိုး (၂၃ နှစ်)ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ သေဆုံးသူအလောင်းကို စစ်ဆေးခဲ့ရာ ထိုးသွင်းဒဏ်ရာ များရရှိ ထားကြောင်း တွေ့ရှိရသည်။ တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိ လာပြီး ဖြစ်စဉ်မှုခင်းဖော်ထုတ်ရေးအတွက် စုံစမ်းစစ်ဆေး မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အောင်သန်း(မင်္ဂလာတောင်ညွန့်)
Myanmaalinn

No comments:

Post a Comment