Wednesday, November 19, 2014

၁၄ ပွင့်ဆိုင်ထက် လေးပွင့်ဆိုင် တွေ့ဆုံရေးက ပိုအရေးကြီးကြောင်း သူရဦးရွှေမန်း ပြောကြား

နိုင်ငံရေး နယ်ပယ်အသီးသီးရှိ ထိပ်သီးခေါင်းဆောင် ၁၄ ယောက် တွေ့ဆုံသော နိုင်ငံရေး ဆွေးနွေးပွဲထက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလျက်ရှိသော လေးပွင့်ဆိုင် တွေ့ဆုံရေးသည် ပိုအရေးကြီးကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်

နိုင်ငံရေး နယ်ပယ်အသီးသီး ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံခြင်းသည် ထိရောက်သော တွေ့ဆုံမှုမဟုတ်ဘဲ ပြည်သူခေါင်းဆောင်သောသူများ တွေ့ဆုံရေးသည်သာ ပိုမိုအရေးကြီးကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

“တကယ်တမ်း ခေါင်းဆောင်နေတဲ့သူတွေ တွေ့ဆုံပြီး လုပ်ဖို့က အရေးအကြီးဆုံးပါ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း NDF နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် FDA၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့အပါအဝင် နိုင်ငံရေး ထိပ်သီးခေါင်းဆောင် ၁၄ ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံအပြီးတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ယခုကဲ့သို့ အဖွဲ့အစည်း စုံစုံလင်လင် ပါဝင်မည့် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

သို့သော်လည်း ဆွေးနွေးချက်များမှာ တိကျသည့် အဖြေမရရှိခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သော အင်အားစု အဖွဲ့ဝင်အသီးသီးက ထုတ်ပြန် ပြောကြားခဲ့ကြသည်။

ထို့အပြင် နိုင်ငံရေး အင်အားစု ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံပွဲ ပြုလုပ်ခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တောင်းဆိုလျက်ရှိသော လေးပွင့်ဆိုင် တွေ့ဆုံရေးကို လမ်းလွှဲသော ရည်ရွယ်ချက် မဖြစ်သင့်ကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရေးကို ၂၀၁၃ ခုနှစ်အတွင်းမှ စတင်ကာ တောင်းဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment