Sunday, November 9, 2014

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များအား နေရာချထားပေးနိုင်ရေး မြေနေရာလွတ်များ ရှာဖွေနေဟုဆို

ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်များအား နေရာချထားပေးနိုင်ရေးအတွက် မြေနေရာလွတ်များ ရှာဖွေနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။

“လမ်းဘေးဈေးသည်တွေမှာ အရင်ဆုံးဈေးတွေထဲက ပျံကျရောင်းချလို့ရနိုင်တဲ့ နေရာတွေမှာ ရနိုင်သမျှ နေရာချထားပေးခဲ့ပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းဘက်က ဈေးအချို့မှာဆိုရင် ယာယီဆိုင် သဘောမျိုးလေးတွေဆောက်ပြီး လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ အချို့ဈေးသည်တွေလည်း မရောင်းနိုင်လို့ ပြန်ထွက်သွားတာမျိုးရှိတယ်။ သူတို့တွေအတွက် အတည်တကျနေရာ ချထားပေးနိုင်ဖို့ အတွက်ကိုတော့ မြေနေရာတွေ ရှာဖွေနေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဘေးဈေးသည်များကြောင့် ယာဉ်သွားလာမှုနှင့် လမ်းသွားလမ်းလာများ အနှောင့်အယှက် ဖြစ်နေသည်ဟုဆိုကာ ၂ဝ၁၁ ခုနှစ်ကတည်းက လိုင်စင်အသစ် ထပ်မံထုတ်ပေးခြင်း မပြုတော့ဘဲ ဈေးကောက်လည်း မကောက်ခံတော့ကြောင်း၊ ယခင်တစ်နေကုန် ဈေးရောင်းချခွင့်ပြုခဲ့ရာမှ ညနေ ၃ နာရီမှ ည ၈ နာရီကျော်အထိ ရောင်းချခွင့်ကန်သတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ပြီးခဲ့သည့် ၂ဝဝဝ ပြည့်နှစ်လွန်ကာလက လမ်းဘေးဈေးသည် အရေအတွက် ၅ဝဝဝ မှ ၁ဝဝဝဝ ကြားသာ ရှိခဲ့သော်လည်း လက်ရှိ ရန်ကုန်တစ်မြို့လုံးတွင် လမ်းဘေးဈေးသည် အရေအတွက် သိန်းဂဏန်းအထိ တိုးပွားလာပြီး အဆိုပါဈေးသည် အကုန်လုံးအတွက် အတည်တကျ နေရာချထားပေးနိုင်ရေးမှာ မြေနေရာ အကန့်အသတ်များ ရှိနေမည်ဖြစ်ရာ ချထားပေးနိုင်သလောက် မြေနေရာများ ချထားပေးမည်ဟု ဆိုသည်။

ထို့ပြင် အချို့ဈေးများတွင် နှစ်ထပ်ဈေးရုံများတည်ဆောက်၍ ဈေးသည်များအတွက် နေရာချထားပေးမည်ဟုလည်း မြို့တော်ဝန်ဦးလှမြင့်က စက်တင်ဘာအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment