Sunday, November 9, 2014

ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးသည့် BBC ၏ မေးဖြေစရာ ဒီချိန်ခါ စကားဝိုင်း ဆွေးနွေးပွဲ ပထမဆုံးအကြိမ်ပြုလုပ်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များအပေါ် အဓိကဆွေးနွေးသည့် BBC မြန်မာပိုင်းအစီအစဉ်၏ မေးဖြေစရာ ဒီချိန်ခါ စကားဝိုင်းဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည်

အဆိုပါဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းနှင့် Equality Myanmar မှ ဦးအောင်မျိုးမင်းတို့က အဓိက ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ဆိုးကျိုးများအပေါ် ပြည်သူများ ကန့်ကွက်မှုအခြေအနေ၊ လွှတ်တော်တွင်း၌ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် သင့်မသင့်၊ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် ကန့်ကွက်မှုများ၊ လယ်ယာမြေပြဿနာများ၏ အကျိုးဆက်၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသန်စွမ်းသူများ အခွင့်အရေးအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများ၏ မေးမြန်းချက်များအား အဓိကဆွေးနွေးသူ ပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားသည့်ပုံစံဖြင့် ဆွေးနွေးပွဲအား ပြုလုပ်ခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကောင်းကျိုးဆိုးကျိုးများနှင့် ဆက်လက်လုပ်ဆောင်သင့်သည့် ကိစ္စများနှင့် ပတ်သက်၍ တက်ရောက်လာသူတစ်ဦး၏ မေးမြန်းချက်အား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြောင်းလဲစရာတွေ အများကြီးရှိနေသေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီမှာသေချာတာတစ်ခုက ဆိုးကျိုးတွေ အများကြီးတော့ ပါနေပါတယ်။ သို့သော်လည်း ကျွန်မတို့တွေဟာ ဒီ ၂ဝ၁ဝ ဝင်ခဲ့စဉ် ကာလတုန်းက ဆိုးတာတွေထဲကမှ ကောင်းတာတွေကို ပြောင်းလဲဖို့ ဒီစည်းဝိုင်းထဲကို ဝင်ခဲ့ပါတယ်။ အခုအချိန်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံရဲ့ ဆိုးကျိုးတွေအတွက် ကျွန်မတို့ဆက်လက် တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ ပြည်သူရဲ့အားတော့ လိုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင်ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ကျွန်တော်တို့ကတော့ ၄၇၊ ၇၄၊ ၂ဝဝ၈ သုံးခုလုံးမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အာမခံထားတာ မရှိပါဘူး။ အထူးသဖြင့်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာဆိုရင် တိုင်းရင်းသားတွေ အပါအဝင် အားလုံးသော ပြည်သူပြည်သားတွေအတွက် အာမခံချက်ကတော့ နည်းပါတယ်။ အထူးသဖြင့် အရပ်ဘက်သားရဲ့ ကွပ်ကဲမှုအောက်မှာပဲ အားလုံးသော စစ်တပ်ဆိုင်ရာတွေဟာ ရှိရမယ်ဆိုတာ ထင်ထင်ရှားရှား မရှိပါဘူး” ဟု ထောက်ခံပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကမူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် ယခုကဲ့သို့သော ဆွေးနွေးပွဲများ ကျင်းပလာနိုင်သဖြင့် အဆိုပါ ဥပဒေသည် ကောင်းမွန်သည့် ဥပဒေတစ်ခုဟု ထင်မြင်မိကြောင်း ၎င်း၏အမြင်အား ဆွေးနွေးပြောကြားသည်။

လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍လည်း မကွေးတိုင်းလယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လယ်သမားများအနေဖြင့် လယ်ယာမြေ အထောက်အထားများ ခိုင်လုံမှုရှိသင့်ကြောင်း ရှင်းပြဆွေးနွေးသည်။

သို့ရာတွင် ဒေါက်တာညိုညိုသင်းက ဆက်လက်ဖြစ်ပေါ်လာသည့် လယ်ယာမြေပြဿနာများ ဖြေရှင်းနိုင်ရေးအတွက်မူ တိကျသည့် ဥပဒေတစ်ရပ် ထားရှိသင့်ကြောင်း ထောက်ပြဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးနှင့် လူမှုရေးတက်ကြွ လှုပ်ရှားသူများကလည်း တက်ရောက် ဆွေးနွေးခဲ့ကြရာ လယ်သမားအရေး ကိစ္စများနှင့်ပတ်သက်၍ တိကျသည့် ဥပဒေ ပြဋ္ဌာန်းချက်များ ရှိသင့်၊ မရှိသင့်၊ မသန်စွမ်းသူများ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခွင့် ရှိ၊ မရှိနှင့် မည်သို့လုပ်ဆောင်ရမည့် အချက်များအား ထောက်ပြမေးမြန်းခဲ့ကြသည်။ 

BBC ၏ မေးဖြေစရာ ဒီချိန်ခါ တိုက်ရိုက်စကားဝိုင်း ဆွေးနွေးပွဲများအား လန်ဒန်၊ ထိုင်းနှင့် အိန္ဒိယတို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း BBCမြန်မာပိုင်းအစီအစဉ် အယ်ဒီတာဒေါ်တင်ထားဆွေက ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment