Monday, November 17, 2014

ရန်ကုန်မြို့တွင် ပြည်သူသုံးသန်းကျော် နေ့စဉ်မှီခိုနေရသည့် ဘတ်စ်ကားအစီးရေ ခြောက်ထောင်ကျော်သာရှိပြီး လက်ရှိအသုံးပြုနေသော ကိုယ်ရကိုယ်ယူစနစ်အစား ဘတ်စ်ကားစနစ်ကို အများပိုင်အဖြစ်ပြောင်းလဲရန် နိုင်ငံတော်က စိတ်ဝင်စားနေ


ရန်ကုန်မြို့တွင် လက်ရှိမောင်းနှင်နေသည့် ဘတ်စ်ကားစနစ်မှာ ကိုယ်ရကိုယ်ယူစနစ်ဖြစ်နေပြီး အဆိုပါစနစ်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု များလည်း ဖြစ်ပေါ်စေသဖြင့် အများပိုင်စနစ်အဖြစ်သို့ ပြောင်း လဲရန် နိုင်ငံတော်တာဝန်ရှိသူများက စိတ်ဝင်စားနေကြောင်း ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျရေးအတွက် ဦးဆောင်လုပ်ကိုင်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ပြောကြားသည်။



“ရေရှည်မှာလုပ်ရမှာက အများပိုင်စနစ်ပေါ့။ အခုဖြစ်နေတာက ဘတ်စ်ကားနဲ့ပတ်သက်လို့ အပြိုင်အဆိုင် မောင်းတာတွေ၊ နှစ်ထပ်ရပ်တာတွေ ပြိုင်တာတွေအားလုံးက ကိုယ်ရကိုယ်ယူ စနစ်ဖြစ်နေ တယ်။ နိုင်ငံတော်အပိုင်းကလည်း အဲ့ဒီအများပိုင်လုပ်ဖို့ကို စိတ်ဝင်စားနေတယ်။ အဲ့ဒီအများပိုင်နဲ့ ပတ်သက်ပြီး Brainstorming ကို ဘတ်စ်ကားပိုင်ရှင်တွေနဲ့ သက်သက်လုပ်ဦးမယ်။ အများပိုင်ဖြစ်သွားရင် ဘတ်စ်ကားတိုင်းကိုလည်း လက်မခံဘူး။ အဆင့်မြင့်တဲ့ကားမျိုးမှ လက်ခံမယ်” ဟု ဒေါက်တာမောင်အောင် က ဆိုသည်။

ရန်ကုန်မြို့နေ ပြည်သူလူထုအနက် ပြည်သူသုံးသန်းကျော်က နေ့စဉ်မှီခိုနေရသည့် ဘတ်စ်ကားအစီးရေမှာ ခြောက်ထောင်ကျော်သာ ရှိသည့်အတွက် နေ့စဉ်ခရီးသွားပြည်သူများမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်အပြင် ယာဉ်အတွင်း ကျပ်သိပ်မှုကိုပါ ထပ်ဆင့်ခံစားနေရသည်။ အဆိုပါ ဘတ်စ်ကားများ၏ ခရီးသည်ရရှိရေးနှင့် အခေါက်ရေများများ ပြေးဆွဲနိုင်ရေးအတွက် ယာဉ်များအား အပြိုင်အဆိုင် မောင်းနှင်မှုကြောင့် ယာဉ်အန္တရာယ်များကိုလည်း နေ့စဉ်ရင်ဆိုင်နေရကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ဖြေရှင်းမှုဖြင့် ရေတို၊ ရေရှည် စီမံကိန်းများဖြင့် ဖြေရှင်းရန် စတင်လုပ်ဆောင်နေသည်။ အဆိုပါ ရေတို၊ ရေရှည် စီမံကိန်းများအတွက် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ကုန်ကျနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လမ်း၊ တံတားဌာနမှူး ဦးတင်မောင်ကြည်က ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်အစီးရေ ခြောက်သိန်းတစ်သောင်းခန့်သာ ရှိနေပြီး အဆိုပါယာဉ်များ၏ ရာခိုင်နှုန်း ၈ဝ ကျော်ဖြစ်သည့် ယာဉ်အစီးရေ လေးသိန်းတစ်သောင်းကျော်မှာ ရန်ကုန်မြို့တွင်ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့၏ လူဦးရေငါးသန်းကျော်အနက် သာမန်ပြည်သူ သုံးသန်းကျော် မှီခိုနေရသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည့် ဘတ်စ်ကားအရေအတွက်မှာ အစီးရေ ၆ဝဝဝ ကျော်သာရှိနေသည်။ အဆိုပါ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များအား ကိုယ်ပိုင်ကားစီးနင်းနိုင်သည့်သူများ စီးနင်းမှုများပြားလာ၍ ကိုယ်ပိုင်ကားစီးနင်းမှု လျော့ကျလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးတင်မောင်ကြည်က ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် မြို့ပတ်ရထားကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆက်လက်ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှုလျော့ကျရန် ရေတိုစီမံကိန်းအဖြစ် လမ်းများချဲ့ခြင်း၊ လမ်းဘေးဈေးသည်များအား နေ့လည် ၃ နာရီနောက်ပိုင်းတွင်သာ ဖွင့်လှစ်စေခြင်း၊ ဘတ်စ်ကားများအား ယာဘက်ယာဉ်ကြောအတွင်း တွင်သာ မောင်းနှင်စေခြင်း၊ မီးပွိုင့်များအား အချိန်ထိန်းစနစ်ဖြုတ်ရန် ညှိနှိုင်းနေခြင်း၊ ယာဉ်ထိန်းရဲ တိုးချဲ့ခြင်း စသည်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် ကားပါကင်များတည်ဆောက်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီစသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။

မြို့တွင်းပတ်လမ်းအတွက် ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်လမ်း၊ ခရေပင်လမ်း၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ စက်ဆန်းလမ်း၊ အောက်မင်္ဂလာဒုံလမ်း စသည်ဖြင့် ချိတ်ဆက်မည်ဖြစ်ပြီး အတွင်းပတ်လမ်း ခုံးကျော်တံတားနေရာအတွက် နေရာ ၁၅ ခုတွင် တည်ဆောက်ရန် လျာထားပြီးဖြစ်ပြီး အတွင်းပတ်လမ်းအရှည် စုစုပေါင်းမှာ ၅၁ ကီလိုမီတာကျော်အထိ ရှိလာမည်ဖြစ်သည်။

မြို့ပြင်ပတ်လမ်းကိုမူ အမှတ် ၂ လမ်းမကြီးမှ မြို့ပတ်လမ်း၊ မြို့ပတ်လမ်းမှ အမှတ်သုံးလမ်းမကြီး၊ ရန်ကုန်မန္တလေးလမ်းနှင့် မြို့ပတ်လမ်း၊ ပြည်လမ်းနှင့် လှော်ကားလမ်းမ၊ အမှတ် ၅ လမ်းမနှင့် တွံတေး-လှိုင်သာယာလမ်းပိုင်းများဖြင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး မြို့ပတ်လမ်းအရှည်မှာ ၉၆ ကီလိုမီတာကျော်အထိ ရှိလာမည်ဖြစ်သည်။

မြို့တွင်းပတ်လမ်းအတွက် တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းခန့် ကုန်ကျနိုင်ပြီး၊ မြို့ပြင်ပတ်လမ်းတွင်မူ တစ်ကီလိုမီတာလျှင် ကန်ဒေါ်လာ ၁၃ ဒသမ ဝ၃ သန်းခန့်ကုန်ကျနိုင်သည်။ မြို့တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ်လမ်းများအတွက် စုစုပေါင်းကုန်ကျစရိတ်မှာမူ ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံခန့် ကုန်ကျမည်ဖြစ်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးအတွက် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတားနှစ်စင်းနှင့် ရွှေဂုံတိုင်ခုံးကျော်တံတားတစ်စင်းတို့ တည်ဆောက်ရန် ငွေကျပ် ၄၉ ဒသမ ၃ဝ၆ ဘီလျံခန့်သုံးစွဲခဲ့ပြီး လက်ရှိအချိန်တွင် မြေနီကုန်းခုံးကျော်တံတားအား ကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံခန့် အကုန်အကျခံ တည်ဆောက်နေသည်။ အဆိုပါ တည်ဆောက်မှုများမှာ ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းခဲ့သည့် အပြင်ငွေကြေးဆိုင်ရာ မရှင်းလင်းမှုများအတွက် ပြည်သူများ သံသယဝင်စရာ ဖြစ်ခဲ့ကြောင်းနှင့် လက်ရှိသုံးစွဲရန် စီစဉ်နေသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလျံအတွက် စနစ်တကျ တွက်ချက်တင်ပြမှုများပြုလုပ်ရန် လိုအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment