Wednesday, November 5, 2014

ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များနေသဖြင့် ယာဉ်တင်သွင်းခွင့်မူဝါဒ ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ရန်သာ စဉ်းစားမည်

ရန်ကုန်မြို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မော်တော်ယာဉ်လိုအပ်ချက် များပြားနေသဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ မော်တော်ယာဉ် တင်သွင်းမှုကိုသာ ကန့်သတ်ရန် စဉ်းစားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားသည်။

အဆိုပါ ပြောကြားချက်သည် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံး၌ နိုဝင်ဘာ ၄ ရက် နံနက်က ပြုလုပ်ခဲ့သည့် ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေး လုပ်ငန်းစဉ်များအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာမောင်အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအား ပြောင်းလဲပြီးနောက်ပိုင်းတွင် နှစ်စဉ်မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုပြီးနောက် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ မှာ ဖြေရှင်းရန်ခက်ခဲလာသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ယာဉ်တင်သွင်းခွင့် မူဝါဒပြောင်းလဲခဲ့ချိန်မှ လက်ရှိကာလအထိ တင်သွင်းခဲ့သည့် ယာဉ်အစီးရေပေါင်းမှာ သုံးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။

“၂ဝ၁၁ ခုနှစ်က စတင်တင်သွင်းခဲ့တဲ့ ယာဉ်အစီးရေပေါင်းက ယာဉ်အိုဟောင်းလဲလှယ်ရေး စီမံချက်အရ တစ်သိန်းလောက်ရှိပြီး ကျန်တာက နှစ်သိန်းကျော်လောက်ဆိုတော့ စုစုပေါင်း သုံးသိန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ယာဉ်အစီးရေကို ပြန်တွက်မယ်ဆိုရင် တစ်ပြည်လုံးမှာ ယာဉ်အစီးရေ ခြောက်သိန်းလောက်ရှိတယ်။ ကုန်တင်ယာဉ်က တစ်သိန်းလောက် ရှိတယ်ဆိုတော့ လူစီးယာဉ်က ငါးသိန်းလောက်ရှိပါတယ်။ ဒါပေမဲ့ တခြားသော မြို့နယ်တွေမှာတော့ လုံလောက်တဲ့ယာဉ်အစီးရေ မရှိသေးတဲ့အတွက် ယာဉ်တင်သွင်းခွင့်မူဝါကို ပြောင်းလဲဖို့ မရှိသေးပါဘူး။ ရန်ကုန်ကိုတော့ သီးသန့်စဉ်းစားရင် စဉ်းစားမယ်”ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ရန်ကုန်မြို့၏ ယာဉ်တင်သွင်းမှုကိုကန့်သတ်ရန် စဉ်းစားမည်ဆိုခြင်းမှာ ကညနအခွန် တိုးကောက်ခြင်း၊ COE (Certificate of Entitlement) ဖြင့် ထိန်းချုပ်ခြင်း စသည့်နည်းလမ်းများနှင့် ရန်ကုန်မြို့အနေအထားနှင့် ဟန်ချက်ညီမည့် ယာဉ်အစီးရေကိုသာ သတ်မှတ်ထားရှိခြင်း စသည့်နည်းလမ်းများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတကာတွင်လည်း ယာဉ်တန်ဖိုးထက် COE ဖြင့်သာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် အချိန်သုံးလမှ ခြောက်လအထိ ကာလတိုစီမံကိန်း သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ ဌာနမှူးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment