Friday, November 7, 2014

UNA ပထမဆုံးအကြိမ် ညီလာခံ ယခုနှစ်မကုန်မီ ပြုလုပ်မည်

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ၏ ပထမဆုံးအကြိမ် ညီလာခံကို ယခုနှစ်မကုန်မီ ပြုလုပ်မည် ဖြစ်ကြောင်း UNA အဖွဲ့ဝင် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမင်းကျော်ဝင်းက ပြောကြားသည်။

UNA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးနှင့် ပိုမိုကျစ်လျစ်သော မဟာမိတ်အဖွဲ့ ဖြစ်ပေါ်လာရေးအတွက် ညီလာခံ ခေါ်ယူခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီနှစ်မကုန်ခင်မှာ ညီလာခံ ခေါ်ဖို့အတွက် သဘောတူညီထားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ လုပ်မလဲ ဆိုတာတော့ ညှိနှိုင်းနေဆဲပါ” ဟု ၎င်းကဆိုသည်။



ထို့အပြင် အဆိုပါ UNA ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သော UNFC အဖွဲ့ကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း UNA ထံမှ သိရသည်။

UNA အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း (UNFC) နှင့် ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲ ထားသည့် အပြင် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုလည်း ညှိနှိုင်းရေးဆွဲလျက် ရှိသည်။

UNA အဖွဲ့ကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ စတင် ဖွဲ့စည်းခဲ့သော်လည်း တပ်မတော်အစိုးရ လက်ထက်တွင် ပါတီခေါင်းဆောင် အများစု အဖမ်းခံရသဖြင့် လုပ်ဆောင်ချက်များ ရပ်တန့်ခဲ့ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ UNA အဖွဲ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသား ကွန်ရက်ပါတီတို့ မဟာမိတ် ဖွဲ့ထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment