Friday, November 7, 2014

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်း တစ်လျှောက် မိုးပျံလမ်း တည်ဆောက်ရန် လုပ်ဆောင် သွားမည်

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြားလာလျက် ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ မှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင်ရွက်လျက် ရှိသည့်အပြင် သတ်မှတ်ထားသည့် စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ သိရသည်။ မိုးပျံလမ်း စီမံချက်များကို ကမ်းနားလမ်း၊ ဗိုလ်တထောင် ဈေးလမ်းမှ အနော်ရထာလမ်းအထိ အပိုင်းနှစ်ပိုင်း ခွဲခြားကာ တည်ဆောက်သွားရန် လျာထား လုပ်ဆောင်လျက်ရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေပေါ် မူတည်၍ လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် အဆိုပါ နေရာကို သတ်မှတ်ချက်ထားကာ နောက်ပိုင်း ကာလများတွင် ယာဉ်ကြောကျပ်သည့် နေရာများ၌ပါ လုပ်ကိုင် ဆောင်ရွက် ရန် ညွှန်ကြားချက် ရရှိလာပါက ဆက်လက် အကောင်အထည် ဖော် သွား မည် ဖြစ်ကြောင်း သိရသည်။ မိုးပျံလမ်း တည်ဆောက်ရန် လျာထားသည့် Phase 1 တွင် ၃ ကီလိုမီတာ ရှည်ပြီး Phase 2 တွင် ၂ ဒသမ ၅ ကီလိုမီတာ ရှည်မည်ဖြစ်သည်။ ၎င်းလမ်းပိုင်းကို တည်ဆောက်ရာတွင်လည်း အတက် အဆင်း နေရာများမှာ ပုံမှန် တစ်သမတ်တည်း မဟုတ်ဘဲ လေးနေရာအထိ ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်ရန် အကြမ်းဖျင်း သတ်မှတ်ထားသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၆ သန်း ကုန်ကျနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ တွက်ချက်ရာတွင်လည်း ၁ ကီလိုမီတာ လျှင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၁ သန်းခန့်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကြေး အမြောက် အမြား ကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတရုံးနှင့် ဝန်ကြီးဌာနများမှ အကူအညီများ ထောက်ပံ့ ပေးအပ်ရန် လိုအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

မြ၀တီ

No comments:

Post a Comment