Monday, December 22, 2014

ATM ငွေထုတ်စက်များမှ ငွေလိမ်လည်ထုတ်ယူသူ နိုင်ငံခြားသား(၅)ဦးအား ဖမ်းဆီးအရေးယူ


ရန်ကုန် တိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ATM ငွေထုတ်စက်များတွင် နိုင်ငံခြားသားအချို့မှ ငွေထုတ်ကတ်အတု အသုံးပြု၍ ငွေများလိမ်လည်ထုတ်ယူနေကြောင်း ပြည်သူများ၏သတင်းပေးချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်မှ တာဝန်ရှိ သူများသည် စောင့်ကြည့် ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် နိုင်ငံခြားသား(၁)ဦးမှ ငွေထုတ်ကတ် အတုဖြင့် ငွေထုတ်ယူနေစဉ် ဖမ်းဆီးရမိခဲ့ ပါသည်။



စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းနှင့်အတူ အခြားနိုင်ငံခြားသား(၄)ဦးတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဘဏ်(၆)ခု၏ ATM ငွေထုတ်စက်များမှ (၅၈)ကြိမ် ထုတ်ယူခဲ့ ကြောင်းဖော်ထုတ်ရရှိခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား (၄)ဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု သည့် ငွေထုတ်ကတ်အတု (၃၅)ကတ်၊ Memory Card (၂)ခု၊ iPad (၁)ခု၊ Laptop ကွန်ပျူတာ(၁)ခုနှင့် မြန်မာ ငွေကျပ်(၂၅၂)သိန်းကျော် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်(၁)ဦးမှာထွက်ပြေးတိမ်းရှောင် လျက်ရှိပါသည်။

ပြစ်မှုကျူးလွန်သူများသည် ပြည်ပမှ ငွေထုတ်ကတ် ကုတ်နံပါတ်များကို နည်း ပညာဖြင့် ရယူခဲ့ပြီး ငွေထုတ်ကတ် အတုပြုလုပ်ကာ မြန်မာနိုင်ငံအတွင်းရှိ ATM ငွေထုတ်စက် များမှ ငွေများ လိမ်လည် ထုတ်ယူခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းငွေထုတ်ကတ် အတုများဖြင့် ထုတ်ယူခဲ့ကြသောငွေ များမှာ မြန်မာနိုင်ငံ သား ငွေစုရှင်များ၏ အစုရှယ်ယာများနှင့် ပုဂ္ဂလိကဘဏ် အသီးသီးတို့မှ ထိခိုက်နစ်နာမှု မရှိဘဲ၊ စိစစ်ဆဲ အခြားနိုင်ငံခြားသား များ၏ ငွေစာရင်း များ(Accounts)များနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်တို့နှင့် ချိတ်ဆက်ထားသည့် VISA ကုမ္ပဏီတို့မှ ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ATM ငွေထုတ်စက်များသည် သက်ဆိုင်ရာ နိုင်ငံခြားငွေ ကြေးအဖွဲ့အစည်းများမှ တာဝန်ယူ တပ်ဆင်ပေးသော စက်များသာဖြစ်ပြီး အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘဏ်များ၏ အားနည်းချက်ကြောင့် မဟုတ်ဘဲ ATM ငွေထုတ်စက်များ၏ အားနည်းချက်ကြောင့်ဖြစ်ရာ အဆိုပါ အားနည်းချက်များအပေါ် အခွင့်ကောင်းယူပြီး နည်းပညာကျွမ်းကျင်သည့် နိုင်ငံခြားသားပြစ်မှုကျူးလွန်သူများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်သူများ၏ သတင်းပေးဆောင်ရွက်မှုအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်များမှ တာဝန်ရှိသူများ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သူများမှ ဖမ်းဆီးရမိ သူများ ဖြစ်သည့်‌အင်္ဂလန်နိုင်ငံသား Mr. Niranjan Rasalingam၊ အိန္ဒိယနိုင်ငံသား Mr. Mathiyalagan Rajkumar၊ Mr. Pandian Balu၊ Mr. Muthaya Dinsh Kumar တို့ (၄)ဦးနှင့် တရားခံပြေး အိန္ဒိယ နိုင်ငံသား Mr. Sajagan Mohamed Arif တို့အပေါ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုဆိုင်ရာဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေတို့အရ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရှိရပါသည်။

အလားတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကဘဏ် တစ်ခု၏ ATM ငွေထုတ်စက်အနီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူများနှင့်အတူ စောင့်ကြပ်ကြည့်ရှုလျက်ရှိစဉ် နိုင်ငံခြားသား(၁)ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ATM ငွေထုတ်စက်တွင် ငွေထုတ်ကတ် အတုဖြင့် ငွေထုတ်ယူနိုင်ရန် ကြံစည်နေကြောင်း စစ်ဆေးတွေ့ရှိရ သဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ယင်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားမှာ ဘူဂေးရီးယား နိုင်ငံသား Mr. Dimo Velinov Ivanov ဖြစ်ပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Memory Card (၁)ခုစီပါဝင်သော ဆားကစ်(၂)ခု၊ ဘက်ထရီအသေး(၂)ခု၊ ကပ်ခွာပြုလုပ်နိုင်သည့် သတ္တုပြား(၂)ခု၊ Megnetic Card Skinner/Reader(၁)ခု၊ Dimo Ivanov အမည်ပါ Visa card(၁)ခု၊ Master Card(၁)ခုတို့နှင့်အတူ လက်ကိုင်ဖုန်း(၁)လုံး၊ ဘက်စုံသုံးဓား(၁)ချောင်း၊ မြန်မာငွေ (၁၇,၁၀၀)ကျပ်၊ အမေရိကန်ဒေါ်လာ ၁ဝဝ တန် (၁)ရွက် တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား ပြစ်မှုဆိုင်ရာ ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေနှင့် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်း ချက်များ)အက်ဥပဒေတို့အရ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

သတင်းဆက်စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းနှင့် အတူ ပြစ်မှုကျူးလွန်ရန် အတူပါဝင်ကြံစည်ဆောင်ရွက်ခဲ့သူ ဘူဂေးရီးယားနိုင်ငံသား Mr, Shmandurov Andan Jvinov မှ ပါဝင်ပတ်သက်မှုရှိကြောင်း ဖော်ထုတ် သိရှိရပြီး တိမ်းရှောင်ထွက်ပြေးလျက်ရှိကြောင်း စိစစ်သိရှိရ ပါသည်။

သို့ပါ၍ အထက်ပါဖြစ်စဉ်(၂)ခုကျူးလွန်ခဲ့ရာတွင် ပြည်သူများ၏ သတင်းပေးချက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဘဏ်များမှ တာဝန်ရှိသူများ၏ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့မှုကြောင့် ပြစ်မှုကျူးလွန်သူ အင်္ဂလန်နိုင်ငံသား(၁)ဦး၊ အိန္ဒိယနိုင်ငံသား(၃)ဦးနှင့် ဘူဂေးရီးယားနိုင်ငံသား(၁)ဦး၊ စုစုပေါင်း နိုင်ငံခြားသား (၅)ဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသား တရားခံ(၂)ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။

ATM ငွေထုတ်စက်စနစ်များသည် မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြား ကုမ္ပဏီ ဖြစ်သည့် VISA ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် သည့် ငွေထုတ် စနစ်ဖြစ်ပြီး ATM စက်နှင့် နည်းပညာရပ်များကို သက်ဆိုင်ရာ VISA ကုမ္ပဏီမှ တာဝန်ခံတပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရည်အသွေးနှင့် လုံခြုံမှုအားနည်းသော ATM စက်နှင့် နည်းပညာရပ်များ၏ အားနည်းချက်များ ကို ဖော်ထုတ် သုံးသပ်ပြီး နောင် အလားတူ ထပ်မံ မဖြစ်ပွားစေရေး အတွက် မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်တို့နှင့် ချိတ်ဆက်ထားသည့် VISA ကုမ္ပဏီမှ ခေတ်မီ ATM ငွေထုတ်စက် များဖြင့် အစားထိုးလဲလှယ်နိုင်ရေးနှင့် လုံခြုံမှုစနစ် ပိုမို ကောင်းမွန်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL)၊ သက်ဆိုင်ရာနိုင်ငံများ၊ ကုမ္ပဏီများနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ ပူးပေါင်း၍ သတင်းဆက် တရားခံများအား စုံစမ်းဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ

No comments:

Post a Comment