Wednesday, December 17, 2014

တိုင်းဒေသကြီးလွှတ်တော်၏ ၁၂ ပွင့်ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရာမကျကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

တိုင်းဒေသကြီး လွှတ်တော်၏ ၁၂ ပွင့် ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရာမရောက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းထောက် များအား ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ Mecasa Hotel ၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်မှ တင်သွင်းသည့် ၁၂ ပွင့်ဆိုင်အဆိုသည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည့် ခြောက်ပွင့်ဆိုင်အဆိုအား ကျော်လွန်နိုင်ရန် ရှိ၊ မရှိ မေးခွန်းအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားရာတွင် “ဒါက ကျော်ခြင်း၊ မကျော်ခြင်းနဲ့ မဆိုင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးမှာလဲ သူတို့ရဲ့ ဆန္ဒကို သူတို့ ဖော်ထုတ်ခွင့်ရှိတာပဲ။ ကျွန်တော်တို့ကတော့ သွားနေတာကိုက အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်တဲ့ အတွက် အကြံဉာဏ်အားလုံးကို စဉ်းစားမှာပေါ့။ လွှမ်းမိုးခြင်း၊ မလွှမ်းမိုးခြင်းနဲ့ မဆိုင်ဘူးလေ။ ဒါက သူရဲ့အမြင်ကို သူတို့က ထုတ်ဖော်ပြောကြားတာဖြစ်တဲ့ အတွက် ကျွန်တော်တို့က ထည့်သွင်းနားထောင်စဉ်းစားခြင်းသည် ကျော်လွန်ရာ မကျဘူးလို့ ကျွန်တော်တို့ နားလည်ပါတယ်။ အကုန်လုံးစဉ်းစားမှာပဲ။ ပြောသမျှ အားလုံးစဉ်းစားမှာပဲ”ဟု ပြန်လည်ဖြေကြားသည်။

ထိုပြင် နိုင်ငံတော်သမ္မတကြီးအနေဖြင့် အားလုံးအား စဉ်းစားနေပြီး အကောင်းဆုံး ဆိုသည့် အယူအဆကို ပြန်လည်တင်ပြရန်ရှိကြောင်း ဦးရဲထွဋ်က ထည့်သွင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဦးစွာတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အတိုင်းရင်းသားအစုအဖွဲ့မှ ဒေါက်တာ အေးမောင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဆောလျင်စွာပြုလုပ်နိုင်ရန် တိုက်တွန်းခဲ့သည်။

ထို့နောက် နောက်ဆုံးတိုက်တွန်းမှုအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအစား တိုင်းရင်းသားမျိုးနွယ်စု ခုနစ်ဦး ပါဝင်စေမည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်း ၁၂ ပွင့်ဆိုင်အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များက ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘောင်ကျော်သောလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း ၎င်းအဆိုသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်ထောင်စုအစိုးရနှင့် နီးစပ်ပတ်သက်သော နိုင်ငံရေးအခွင့်ထူးခံ လူနည်းစုတစ်စုက တင်သွင်းလာခြင်းဟု စဉ်းစားစရာပေါ်လာကြောင်း ဝေဖန်ပြောကြားထားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအဆိုသည် နိုင်ငံတော်သမ္မတထံ ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတ မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သဘောထားပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment