Wednesday, December 17, 2014

ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည့် လူမှုအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အသွေးအရောင် ကင်းရှင်းရန် လိုအပ်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး သတိပေး

ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အသွေးအရောင် ကင်းရှင်းရန် လိုအပ်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတိပေး ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထိုသို့ပြောကြားခြင်းဖြစ် သည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူအားလုံး မဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် အမည်မကျန်စေရန် ယခုကတည်းက အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် ကွန်ပျူတာစနစ်တွင် ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချို့သော လူမှုအဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြပြီး အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရှိရကာ အထူးပင် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း၊ မကြာမီကာလတွင် မဲဆန္ဒရှင် ပညာပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

“ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်လေ။ ကျွန်တော်တို့ကတော့ ရှင်းရှင်းပြောတာပါ။ CSO စွမ်းအားကို အများကြီး လိုလားပါတယ်။ ကျွန်တော် တာဝန်ယူကတည်းကိုက ကျွန်တော်တစ်ယောက်တည်း မဖြစ်ဘူး။ စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုတဲ့ ဆောင်ပုဒ်က ကျွန်တော် လက်ကိုင်ထားတဲ့ တရားပါပဲ။ .....ကျွန်တော် လူမှုရေးအဖွဲ့တွေ ဖိတ်ခေါ်ပြီး စကားပြောကြည့်လိုက်တဲ့ အခါကျတော့ တချို့လူမှုရေးအဖွဲ့တွေက နိုင်ငံရေးမကင်းဘူး ဖြစ်နေတယ်။ လေ့လာစောင့်ကြည့်ရေး အဖွဲ့တို့၊ လူမှုရေးအဖွဲ့တို့ ဆိုတာတော့ နိုင်ငံရေး အသွေးအရောင် ရှိလို့ မရပါဘူး။ ကျွန်တော်တို့ ကော်မရှင်ကိုလည်း ကျွန်တော်အကြိမ်ကြိမ် ပြောပါတယ်။ ကျွန်တော်ကတော့ လွတ်လွတ်လပ်လပ် ဘက်မလိုက်ဘဲ လုပ်ချင်ပါတယ်။ လုပ်လည်းလုပ်ပေးပါမယ်။ လုပ်ဖို့ဆိုတဲ့နေရာမှာ ဥပဒေသိဖို့ လိုပါတယ်။ ဥပဒေတွေ လိုက်နာဖို့လိုပါတယ်။ ဥပဒေ အကာအကွယ်ယူဖို့ လိုပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်လေ့လာရေး အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းတွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါကဲ့သို့ ပါဝင်ဆောင်ရွက်မည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေ့လာစောင့်ကြည့်ရေး အကဲခတ်ရေးအဖွဲ့များ၏ အစီရင်ခံစာသည် အရေးကြီးကြောင်း၊ နောင်တက်လာမည့် အစိုးရသည် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ အစီရင်ခံစာပေါ် မူတည်ကြောင်း၊ အစီရင်ခံစာ၌ လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ကြောင်း ဖော်ပြပါက နောက်တက်မည့် အစိုးရသည် သိက္ခာရှိ အစိုးရဖြစ်မည်ဖြစ်ပြီး အစီရင်ခံစာ၌ မဲခိုးမဲလိမ်၍ တက်လာသည့် အစိုးရဖြစ်ကြောင်း ဖော်ပြပါက သိက္ခာမရှိသည့် အစိုးရဖြစ်မည်ဖြစ်ကာ ထိုသို့ သိက္ခာမရှိသည့် အစိုးရမျိုးလည်း မဖွဲ့စည်းစေချင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

သို့ဖြစ်၍ ဥပဒေနှင့်အညီ လူမှုအဖွဲ့အစည်းများ အနေဖြင့် ကြားနေကာ နိုင်ငံရေးပါတီများ မှားပါက မှားကြောင်းနှင့် ကော်မရှင်မှားပါက မှားကြောင်း ပြောကြားရမည်ဖြစ်ပြီး သို့မှသာ အမှားများကျူးလွန်ရဲမည် မဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

“CSO တွေအနေနဲ့ ဒီစောင့်ကြည့်လေ့လာတဲ့ လုပ်ငန်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းမဆို CSO အနေနဲ့ ရပ်တည်တဲ့ ပုဂ္ဂိုလ်တွေကတော့ အတတ်နိုင်ဆုံး ဘက်မလိုက်တဲ့သူတော့ ဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစောင့်ကြည့်လေ့လာတဲ့သူက နိုင်ငံရေးပါတီ တစ်ခုခုကို နည်းနည်း တစ်နည်းနည်းဖြင့် အားပေးတဲ့အပိုင်း ပူးပေါင်းပါဝင်တဲ့အပိုင်း ပါလာပြီဆိုရင် စောင့်ကြည့်လေ့လာလို့ရလာတဲ့ အဖြေရလဒ်က ကောင်းတဲ့ရလဒ် ထွက်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဘက်မလိုက်ရဆိုတဲ့ ဟာကိုတော့ ကျွန်တော်လက်ခံတယ်” ဟု Horn Bill အဖွဲ့မှ ကိုချန်လျန်းက ပြောကြားသည်။

ထို့အတူ စောင့်ကြည့်လေ့လာရေးလုပ်ငန်း ဆောင်ရွက်မည့်သူများ၏ ကျင့်ဝတ်အရ ပါတီအသွေးအရောင် ကင်းရှင်းရမည်ဆိုသည်မှာ ဖြစ်သင့်ကြောင်း New Myanmar Foundation စီမံကိန်းဒါရိုက်တာ ဦးသန့်ဇင်အောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment