Wednesday, December 31, 2014

တရုတ် နိုင်ငံသား (၉) ဦး ဒဏ်ရာ ရရှိခဲ့သည့် အတွက် အမှုဖွင့်

ယခုလ (၂၂) ရက်နေ့ နှင့် (၂၃) ရက်နေ့တို့တွင် ကြေးနီ စီမံကိန်း အတွင်း ခြံစည်းရိုး ကာရံသည်ကို ဒေသခံ များက တားဆီးခဲ့စဉ် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသား ကိုးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အပေါ် မြန်မာဝမ်ပေါင် ကုမ္ပဏီက ဒေသခံများအား အမှုဖွင့် တိုင်တန်း ထားကြောင်း ဆားလင်းကြီး မြို့မ ရဲစခန်းမှ သိရသည်။

ခြံစည်းရိုး ခတ်နေစဉ် ဒေသခံ များနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေနတ် ကျည်ထိမှန် ကာ သေဆုံး သွားခဲ့ပြီး ဒေသခံ (၂၀) နီးပါး ထိခိုက် ဒဏ်ရာ များလည်း ရရှိခဲ့ပြီး တရုတ် နိုင်ငံသား များနှင့် ရဲတပ်ဖွဲ့ ဝင်များလည်း ဒဏ်ရာ အသီးသီး ရရှိ ခဲ့ကြောင်း သိရသည်။



ယင်းသို့အပြန် အလှန်ပစ်ခတ်မှုကြောင့် မြန်မာဝမ်ပေါင် ကုမ္ပဏီအတွင်း ခြံစည်းရိုး ကာရံမှုကို တာဝန်ယူ ဆောင်ရွက် နေသည့် တရုတ် နိုင်ငံသားများ ဖြစ်သည့် Mr.Yuna JinGw / Mr. Lju Yunfena / Mr. Wu Zhiyong / Mr. Zhou Xi Bing /Mr. KeJun / Mr. Wana Guan Ren / Mr. HE Jian Ghua / Mr. Wana Gana /Mr. Wana Jian H တို့တွင် ပွန်းပဲ့ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၀န်ထမ်းများအား ဒေသခံများက လေးခွ၊ တုတ်၊တံစဉ် စသည့် လက်နက် များဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် ဆည်တည်း ကျေးရွာနှင့် တုံကျေးရွာ မှ ဒေသခံ (၁၅၀) ဦးတို့အား ကြေးနီ သတ္တုတွင်း (မုံရွာ) မှ ဥပဒေ အရာရှိ ဦးအောင်မြင့်က တရားလိုပြု တိုင်တန်းခဲ့ သဖြင့် ဆားလင်းကြီး မြို့မရဲစခန်းမှ (ပ) ၁၉၈/၂၀၁၄ ပုဒ်မ ၃၂၄/၃၂၅ ဖြင့် အမှုဖွင့် ထားကြောင်း ဆားလင်းကြီး မြို့မ ရဲစခန်းမှ သိရသည်။

အလားတူ အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင်များ ပစ်ခတ်မှုကြောင့် မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်း သေဆုံးသွားခဲ့ ရသည့် အတွက် ၎င်းမိသားစုဝင် ဒေါ်ခင်မာအေးက တရားလိုပြု တိုင်တန်းခဲ့ သဖြင့် ဆားလင်းကြီး မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

messengernewsjournal

No comments:

Post a Comment