Thursday, December 11, 2014

တေးသံရှင် သီရိဆွေ၏ မိခင်ကို လိမ်လည်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်

Pop တေးသီချင်းများဖြင့် အနုပညာလောကတွင် အောင်မြင်နေသော တေးသံရှင် သီရိဆွေ၏ မိခင်ဖြစ်သူကို ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက ငွေအလွဲသုံးစား ပြုလုပ်မှု ပုဒ်မ ၄၀၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ Cupid ပရိဘောဂ စက်ရုံပိုင်ရှင်နှင့် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ ပရိဘောဂ ရောင်းဝယ်ရေး Show Room ပိုင်ရှင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းမှာ ၂၀၁၃ ခုနှစ် ဧပြီလပိုင်းက ၎င်းထံ လာရောက်အပ်နှံထားသော ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ကျွန်းသစ်ဆိုက်စုံနှင့် ပါကေးတုံးများကို အလွဲသုံးစားပြုမှုဖြင့် တရားရုံးတွင် ကိုးလကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခဲ့သူ ဒေါ်ခင်ခင်စိန်က ပြောကြားသည်။

“ကျွန်မနဲ့ အခုထောင်ဒဏ်ကျ ခံရတဲ့ ဒေါ်ဆွေဆွေအုန်းက နဂိုတည်းက အသိမိတ်ဆွေတွေ၊ ကျွန်မမှာရှိတဲ့ ကျွန်းသစ်နဲ့ ပါကေးတုံးတွေ ထားစရာ နေရာမရှိလို့ သူ့ဂိုဒေါင်မှာ သိမ်းဆည်းပေးဖို့ သွားအပ်ခဲ့တာကို သူက အလွဲသုံးစား လုပ်ခဲ့လို့ အမှုဖွင့်တိုင်ကြားခဲ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ အလွဲသုံးစားမှုဖြင့် ထောင်ကျခဲ့သူမှာ ရုံးတင်စစ်ဆေးစဉ်က လာရောက်အပ်နှံထားသော ကျွန်းသစ်နှင့် ပါကေးများ၏ ကာလတန်ဖိုးငွေကို ပိုင်ရှင်ဖြစ်သူထံ အပ်နှံခဲ့ကြောင်း တင်ပြခဲ့သော်လည်း သက်သေမခိုင်လုံခဲ့ကြောင်း၊ တရားရုံးအမိန့်ဖြင့် ၎င်းပိုင်ဆိုင်သော ဂိုဒေါင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အပ်နှံထားသည့် ပစ္စည်းများ ပြန်လည်တွေ့ရှိခဲ့ကြောင်း တရားလိုဘက်မှ အကျိုးဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“တရားခံက ရဲစခန်းမှာ အမှုစဖွင့်ချိန်တည်းက အာမခံမရခဲ့ဘူး၊ တခြား တရားရုံးတွေမှာလည်း ဒီလိုအမှုမျိုးတွေ ရင်ဆိုင်နေရတာကြောင့် ခရိုင်ရုံးက အာမခံပေးခွင့် မပြုခဲ့တာ၊ အခုပြစ်ဒဏ်ကို တိုးမြှင့်ပေးဖို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၃၉ နဲ့အညီ တိုင်းတရားလွှတ်တော်ကို တင်မယ်” ဟု ၎င်းကဆိုသည်။

အလုပ်နှင့်ထောင်ဒဏ်ကျခံရသူ မှာ အသက် ၆၀ ဝန်းကျင်ရှိပြီး ဥပဒေဘွဲ့ ရထားသူဖြစ်ကာ ၎င်း၏ မိသားစုဝင်များမှာလည်း ဥပဒေဘွဲ့ ရထားသူများ ဖြစ်ကြောင်း၊ လက်ရှိ တရားစွဲခံရသော အမှုကို လျော်ကြေးငွေပေးကာ အမှုကျေအေးရန် ဆောင်ရွက်နိုင်သော်လည်း မဆောင်ရွက်ခဲ့ခြင်းမှာ ပဟေဠိဆန်နေကြောင်း ယင်းအမှုကို လေ့လာသုံးသပ်နေသော ရှေ့နေတစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ (ပ) ၉/၁၄၊ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့်ခဲ့သော အမှုကို မြို့နယ်တရားရုံးက တရားလိုနှင့် ခံပြ သက်သေကိုးဦးကို ရုံးချိန်း ၂၄ ချိန်း စစ်ဆေးခဲ့ရာမှ ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချခဲ့ရာ ယင်းနှင့်ပတ်သက်၍ တေးသံရှင် သီရိဆွေထံ မေးမြန်းရန် ၎င်း၏ လက်ကိုင်ဖုန်းကို အကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ကိုင်တွယ်ဖြေကြားခြင်း မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment