Monday, December 15, 2014

ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ

ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံများ ကန့်ကွက်ဆန္ဒပြ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာ အနီးတွင် တည်ဆောင်ရန် လျာထားသည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁၄ ရက် နံနက်က ရေးမြို့တွင် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

ရေးဒေသ၀န်းကျင်ရှိ ကျေးရွာများမှ ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ အင်အား ၄၀၀ ကျော်က ‘
ရေးမြို့နယ်အတွင်း တည်ဆောက်မည့် အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ပြင်းထန်စွာကန့်ကွက်သည်’၊ ‘ပုဒ်မ-၄၅ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်’၊ ‘ကျောက်မီးသွေး စက်ရုံအလိုမရှိ’ စသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ‘အံဒင် ကျောက်မီးသွေးစက်ရုံ အလိုမရှိ’၊ ‘ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ အမြန်ဖျက်သိမ်းပေး’၊ ‘တိုယိုထိုင်းကုမ္ပဏီ အလိုမရှိ’၊ ‘ကျောက်မီးသွေးစက်ရုံ ဒို့ဒေသအတွက် အလိုမရှိ’ ကြွေးကြော်သံများဖြင့် ရေးမြို့အတွင်း လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

“ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဖြစ်လာရင် ကျွန်တော်တို့ဒေသမှာ အဓိက အချက်သုံးချက် ထိခိုက်ပါမယ်။ (၁) ကျန်းမာရေး ထိခိုက်မယ်၊ (၂) သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်၊ (၃) လူမှုစီးပွားရေးတွေ ထိခိုက်မယ်။ အဲဒီထိခိုက်မှုဟာ ဒီဒေသတစ်ခုလုံး ဖြစ်လာမယ့်အတွက် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို တစ်ကမ္ဘာလုံးမှာ ဖျက်သိမ်းနေတယ်။ အန္တရာယ်မဖြစ်ဘဲနဲ့ ဘယ်သူမှ မဖျက်သိမ်းဘူး။ ဘယ်လောက်ထိန်းသိမ်းမှု ကောင်းပါစေ တစ်ချိန်ကျရင် ဆိုးကျိုးဟာ ထွက်ပေါ်လာမှာပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးကျော်မိုးအေးက ပြောကြားသည်။

လမ်းလျှောက်ချီတက် ဆန္ဒပြပြီးသည့်နောက် ရေးမြို့ ရွှေဆံတော်စေတီတော် အနီးရှိ ရေးမြို့ ပြည်သူ့ရင်ပြင်တွင် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ကျောက်မီးသွေးစက်ရုံနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုအကျိုးစီးပွားဆိုင်ရာ အကြောင်းအရာများအား ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့မှ ဦးမျိုးဝင်းက ဟောပြောခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် တိုယိုထိုင်းကုမ္ပဏီတို့မှ ပူးပေါင်းပြီး ပြည်သူ့လွှတ်တော်နှင့် မွန်ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအ၀င် ရေးမြို့နယ်အတွင်းမှ ဒေသခံအချို့ကို ဂျပန်နိုင်ငံရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို လေ့လာရန် စေလွှတ်ထားကြောင်း ရေးမြို့နယ်မှ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment