Wednesday, December 31, 2014

ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ဖြစ်ပွားတဲ့ လုယက်မှုတွေ ရဲက အရေးမယူ


ပခုက္ကူတက္ကသိုလ် ပတ်ဝန်းကျင်မှာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေနဲ့ ပစ္စည်းလုယူခံရမှုတွေကို ပခုက္ကူမြို့ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိဘဲ ထိန်ချန်ထားတယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက ပြောပါတယ်။
ကျောင်းပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်မှုတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဆီကနေ လက်ဝတ်ရတနာတွေနဲ့ အသုံးဆောင် ပစ္စည်းတွေကို အုပ်စုဖွဲ့ ရိုက်နှက် လုယူမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

“ကျောင်းပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ ဆိုင်ကယ်တွေ အခိုးခံရတယ်။ ဓားထောက် ပစ္စည်း လုယက်ခံနေရလို့ ရဲစခန်းကို အကြောင်းကြားတယ်။ ရဲစခန်းက အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ပေးခြင်း မရှိဘူး။ ဆိုင်ကယ်ပိုင်ရှင်တွေ အမှုသွား ဖွင့်တော့လည်း လိုင်စင်မဲ့ဆိုင်ကယ်တွေ ဆိုပြီး အမှုဖွင့်မပေးဘူး” လို့ သူက ဆိုပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့သို့ အကြိမ်ကြိမ် သွားရောက် မေးမြန်းခဲ့ပေမယ့် တာဝန်ခံ ဖြေကြားပေးနိုင်သူ မရှိဘူးဆိုပြီး တာဝန်ကျ ရဲဝန်ထမ်းတွေက ပြောဆိုပါတယ်။
ပခုက္ကူတက္ကသိုလ် ဝင်းအတွင်းနဲ့ တက္ကသိုလ် အနီးမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း ဆိုင်ကယ်အစီး ၃၀ ကျော်ပျောက်ဆုံးခဲ့ပြီး ဓားထောက်လုယက်ခံရမှု ၁၀ ကြိမ်ကျော် ဖြစ်ပွားခဲ့တယ်လို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ဆီကနေ သိရှိရပါတယ်။
အဝေးသင် ကျောင်းသူတစ်ဦးကို အမည်မသိ လူတစ်စုက ရိုက်နှက်မှုကြောင့် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အဲဒီအမှုကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သူတို့ဆီကနေ သိရှိရပါတယ်။

No comments:

Post a Comment