Wednesday, December 31, 2014

တပ်မတော် စီးပွားရေးမလုပ်ရန် နိုင်ငံတော်က ထောက်ပံ့ ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရသစ် လက်ထက်တွင် တပ်မတော်မှ စီးပွားရေး လုပ်ဆောင်ခြင်း မပြုရန်အတွက် တပ်မတော်သားများ လိုအပ်ချက်ကို နိုင်ငံတော်က ထောက်ပံ့ပေးရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။



တပ်မတော် စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ရပ်တန့်ရန်အတွက် တပ်မတော်သားများ၏ လိုအပ်ချက်များ အားလုံးကို နိုင်ငံတော်က တာဝန်ယူ ထောက်ပံ့ပေးမည် ဆိုပါက နိုင်ငံတော်၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေများ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“နောက်ဆုံးကျတော့လည်း တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ကိုယ့်ရဲ့ တာဝန်ကို သတ်သတ်မှတ်မှတ် လုပ်တဲ့ တပ်မတော်ဆိုရင် စီးပွားရေးလုပ်ဖို့ မလိုပါဘူး။ နိုင်ငံတော်ကသာ တပ်မတော်သား အားလုံးရဲ့ လိုအပ်ချက်အားလုံးကို အပြည့်အဝ ထောက်ပံ့ထားရမှာ။ နိုင်ငံတော်ကသာ တပ်မတော်ကို ထောက်ပံ့ပေးတယ်။ ထောက်ပံ့နိုင်တယ်၊ ထောက်ပံ့ပေးမယ်ဆိုရင် တပ်မတော် အတွက်လည်း အများကြီး ကောင်းမယ်၊ ကျွန်မတို့ နိုင်ငံအတွက်လည်း အများကြီး ကောင်းမှာပါ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း နိုင်ငံအတွင်း အမြဲတမ်း တပ်မတော်တစ်ရပ်ကို ထောက်ပံ့နိုင်ရေးသည် နိုင်ငံတော်အတွက် ကုန်ကျစရိတ် ဘဏ္ဍာငွေများ ပိုမိုမြင့်တက် လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။

ရခိုင် အမျိုးသားပါတီ ANP ဗဟိုကော်မတီဝင် ဦးအေးသာအောင်က “အမှန်တကယ် တပ်မတော် ဆိုတာကတော့ သူဟာသူ ရပ်တည်ရမယ်၊ လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်က ထောက်ပံ့ရမယ်၊ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်ခဲ့တာဆိုတော့ တပ်မတော် ကိုယ်တိုင် မလုပ်တော့ ရင်တောင်သူ့နောက်က အစွယ်အပွားတွေရဲ့ အကျိုးသက်ရောက်မှုတွေက ရှိနေဦးမှာပဲ၊ အချိန်တော်တော် ယူရမယ့် သဘောမှာရှိတယ်” ဟု ဆိုသည်။

တပ်မတော် အစိုးရလက်ထက်မှ အရပ်သား အစိုးရသစ် လက်ထက်သို့ ရောက်ရှိခဲ့သည့်တိုင် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ စက်မှုလုပ်ငန်း အပါအဝင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းကြီးများ အားလုံးကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်တို့က ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

ယခုပြဿနာ ဖြစ်ပွားနေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာလည်း ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment