Sunday, December 14, 2014

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးလိပ် သန်းခုနစ်ထောင်နီးပါး သောက်သုံး

နိုင်ငံတကာ စီးကရက်ကုမ္ပဏီများ မျက်စိကျရာ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူဦးရေ မြင့်တက်လျက် ရှိသည့်အပြင် နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်းခုနစ်ထောင်နီးပါး သောက်သုံးနေကြောင်း ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း အခွန်ကောက်ခံခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယခင် ဆယ်စုနှစ်ဝန်းကျင်က နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၂,၅၀၀ မှ သန်း ၃,၀၀၀ ထိ သောက်သုံးလျက်ရှိကာ အစိုးရသစ် လက်ထက်တွင် ပြည်ပမှ ဗာဂျီးနီးယားဆေး တင်သွင်းမှုနှင့် ဆေးရွက်ကြီး စိုက်ပျိုးနှုန်း မြင့်တက်လာခြင်းကြောင်း ယခုကဲ့သို့ သောက်သုံးနှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန စစ်တမ်းများအရ သိရသည်။

“ဆေးလိပ်ကြောင့် တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို လူငါးသန်းလောက် သေနေရတယ်။ ဒီပြဿနာကို ကျွန်တော်တို့ အနေနဲ့ ဖြေရှင်းလို့ ရပါတယ်။ လျော့ကျအောင်လည်း လုပ်လို့ရပါတယ်” ဟု ဒေါက်တာဝင်းမြင့်က ဆိုသည်။

သို့သော် ဆေးလိပ်တင်သွင်း၊ ထုတ်လုပ်သူများအတွက် အခွန်ကောက်ခံမှုနှုန်းကိုမူ လက်ရှိအချိန်ထိ ၁၀၀ ရာခိုင်နှုန်းသာ ကောက်ခံလျက်ရှိပြီး ယင်းအခွန်နှုန်းထားသည် ၁၉၇၄ ခုနှစ်တွင် ပထမဆုံး ကောက်ခံသော ဆေးလိပ်ခွန် နှုန်းထားထပ် ၂၅ ရာခိုင်နှုန်း နည်းပါးနေသေးကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် လူဦးရေ၏ သုံးပုံတစ်ပုံသည် ဆေးလိပ်၊ စီးကရက်နှင့် ဆေးရွက်ကြီးကို အမျိုးမျိုး စားသုံးသူများ ဖြစ်ကြောင်း ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားသူများက ဆိုထားသည်။

“ဆေးလိပ်ကြိုက်တဲ့လူက ကွမ်းစားပြီး ဖြတ်လည်းမရဘူး။ နှစ်မျိုးလုံး လုပ်သလို ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ဖြတ်မယ်ဆို ဘာမှမခံပဲ ဖြတ်လိုက်တာ ကောင်းပါတယ်” ဟု ဆေးလိပ်သောက်သုံးသူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

အစိုးရက ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှု ဥပဒေအရ လူအများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်သုံးမှု တားမြစ်ခြင်း၊ ကလေးငယ်များကို ဆေးလိပ်ရောင်းချခွင့် မပြုခြင်းနှင့် စာသင်ကျောင်း အနီးတစ်ဝိုက်တွင် ဆေးလိပ်ရောင်းချခြင်း မပြုရန် တားမြစ်ထားသော်လည်း အရေးယူမှုပိုင်းတွင် အားနည်းနေသေးကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ဝေဖန်ကြသည်။

အလားတူ ၂၀၀၆ ခုနှစ်ကတည်းက ထွက်ရှိပြီးသား ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်မှု ဥပဒေအတွက် ယခုထပ်တိုင် နည်းဥပဒေ မထွက်ရှိနိုင်ခြင်းသည် ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရန် အခက်အခဲ ဖြစ်နေကြောင်း ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်က ဆေးပေါ့လိပ်သာ ကိုယ်တိုင်လိပ် သောက်သုံးသော ဓလေ့ရှိသော်လည်း ၁၉၆၀ ပြည့်နှစ်တွင် ဒူးယားနှင့် ခပေါင်းတံဆိပ် စီးကရက်ဆေးလိပ်မှာ ဝင်ရောက်လာပြီး နောက်ပိုင်း စီးကရက် သောက်သုံးသူ ဦးရေသည် တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment