Sunday, December 14, 2014

အနှိပ်ခန်းများ တရားဝင် ခွင့်ပြုမည် မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြောကြား

မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေနိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အနှိပ်ခန်းများကို တရားဝင် ခွင့်ပြုပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုပေးရန် အဆိုကို ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“အနှိပ်ခန်းတွေဟာ ရန်ကုန်မြို့ တစ်ခုတည်းမှာတင် ရှိတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတာပါ။ ဒါကြောင့် ရန်ကုန်တိုင်း တစ်ခုတည်း အနေနဲ့ ဥပဒေ သီးခြားပြဋ္ဌာန်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိခိုက်စေပါတယ်” ဟု ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

ယင်းသို့ အနှိပ်ခန်းများ နိုင်ငံအနှံ့တွင် ဖွင့်လှစ်နေမှုကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့က ဥပဒေပြုပြီးနောက် ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် အနှိပ်ခန်းများ တစ်နိုင်ငံလုံး ဖွင့်လှစ်နေသည်ကို အစိုးရက သိရှိနေသော်လည်း ကြပ်မတ်ဆောင်ရွက်ခြင်း မရှိခြင်းသည် တရားဥပဒေကို မျက်ကွယ်ပြုခြင်း ဖြစ်နေကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“မာဆတ် အနှိပ်ခန်းတွေ ဖွင့်နေတာကို သိသိကြီးနဲ့ အစိုးရက ဥပဒေပြုဖို့ ရှောင်ဖယ်နေတာဟာ လုပ်ငန်းရှင်တွေနဲ့ အစိုးရအကြား အပေးအယူတွေ ဘယ်လောက်များ ရှိနေသလဲလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ” ဟု ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အနှိပ်ခန်းများသို့ နယ်များမှ လာရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီးငယ်များ၏ အခွင့်အရေးကိုလည်း အစိုးရအနေနှင့် တာဝန်ခံ ဖြေရှင်းလိုခြင်း မရှိသည်ကို သိသာစေကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ ဖွင့်လှစ်ထားခြင်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိဘဲ စီမံချက်နှင့် သတင်းပေးမှုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အနှိပ်ခန်းပေါင်း ၄၃ ခန်းကို ရှောင်တခင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီရာတွင် အနှိပ်ခန်းများကို တစ်နှစ်နှင့် ပြည့်တန်ဆာ အခန်းများကို တစ်နှစ်ခွဲအထိ ချိတ်ပိတ်အရေးယူကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment