Thursday, December 4, 2014

ရှောင်တခင်စစ်ဆေးမှုသာပြုလုပ်နိုင်ခြင်းကြောင့် သစ်ခိုးထုတ်မှုများ ဆက်လက်မြင့်တက်နေပြီးခုနစ်လအတွင်း ကျွန်းအပါအ၀င် သစ်တန်ချိန် သုံးသောင်းကျော် ဖမ်းဆီးရမိ

ရှောင်တခင်စစ်ဆေးနိုင်မှုသာရှိနေခြင်းကြောင့် သစ်ခိုးထုတ်မှုများမှာ ဆက်လက်မြင့်တက်နေပြီးခုနစ်လအတွင်း ကျွန်း၊ သစ်မာနှင့်အခြားသစ်များတန်ချိန် သုံးသောင်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စစ်ဆေးရေးဌာနမှညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး၏ ပြောကြားချက်အရ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အစ ဧပြီလမှ အောက်တိုဘာလအထိ တရားမဝင်သစ်ဖမ်းဆီးရမိမှုတွင် ကျွန်းတန်ချိန် ၇၂ဝဝ ဒသမ ဝ၁၄၃၊ သစ်မာ ၁၂၃၈၃ ဒသမ ၄၃၈၄ တန်နှင့်အခြားသစ်အမျိုးအစား ၁၁၇ဝ၁ ဒသမ ဝ၇၁၃ တန်ချိန်ရှိကြောင်း သစ်တောဦးစီးဌာန၏ စစ်ဆေးရေးဌာနမှ သိရသည်။

သစ်များအား တရားမဝင်ဖြန့်ဖြူးမှုများ ပြုလုပ်ခဲ့သည့် နိုင်ငံသား ၃၈၇၇ ဦးနှင့်နိုင်ငံ ခြားသားကိုးဦးတို့ကို အရေးယူမှုများပြုလုပ်ခဲ့ပြီး ဆက်စပ်ဖမ်းဆီးရမိမှုများတွင် ကားအစီးရေ ၁ဝ၉၁ စီး၊ မြေကော်စက်၊ ကရိန်း၊ ထော်လာဂျီ၊ ဒိန်းဒေါင်း၊ ထွန်းစက် ၁ဝ၆ စီး၊ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုက်တွဲယာဉ် ၁၄၆ စီး၊ ရေယာဉ်၊ စက်လှေ ၁၃ဝ စီးနှင့် သစ်စက်အင်ဂျင် ၂ဝ၅ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သော သစ်အမျိုးအစားများအရ အဖိုးတန်သစ်များကို ခိုးထုတ်မှုဈေးကွက်မှာကြီးမားနေဆဲဖြစ်ပြီး အဓိကဝယ်လိုအားဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ မှောင်ခိုတင်သွင်းခြင်းဖြစ်ကြောင်း၊ကျွန်းအပါအဝင် တစ်တန်လျှင် အနိမ့်ဆုံး သိန်း ၆ဝ မှ ၁ဝဝ ကြားပေါက်ဈေးရှိသည့် တမလန်းသစ်အမျိုးအစားများမှာ ခိုးထုတ်မှုများပြားနေကြောင်း သိရသည်။
သတင်းပေးပို့ချက်အရသာ ဖမ်းဆီးမှုကိုပြုလုပ်နိုင်ခြင်းကြောင့် ပြည်ပသို့ သစ်ခိုးထုတ်မှု မြင့်တက်နေခြင်းကို ဟန့်တားနိုင်သည့်အခြေအနေမျိုးမရှိသလောက် ဖြစ်နေသည်။
သစ်တောဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားထားချက်အရ “အဓိကကတော့ ရှောင်တခင်နဲ့သာ စစ်ဆေးနေရတာတွေဖြစ်တယ်။ အမှန်တကယ်က ကားတစ်စီး၊ ယာဉ်တစ်ခုချင်းစီကို စစ်ဆေးရမှာ။ ဒါပေမဲ့ မြန်မာ -တရုတ်နယ်စပ်မှာ တိုးဂိတ်များတယ်လေ။တစ်စီးဂျန့်ဖြစ်ရင် ၁၅ မိနစ်၊ နာရီဝက်လောက်နဲ့ကားအစီး ၂ဝဝ လောက်လမ်းပိတ်တယ်။ အဲဒီအတွက် သတင်းပေးပို့မှုကနေပြီးတော့ပဲ ရှောင်တခင်စစ်ဆေးနေရတယ်”ဟုသိရသည်။
သစ်မှောင်ခို ထုတ်လုပ်မှုအများစုမှာ တရုတ်နိုင်ငံဘက်သို့ အဓိကဦးတည်နေခြင်းဖြစ်ပြီး ဖမ်းဆီးပိတ်ဆို့မှုအတွက် စနစ်ကျသည့် နည်းလမ်းများမရှိသေးမှုမှာ သစ်မှောင်ခိုထုတ်လုပ်မှုများကို ဖြစ်ပေါ်မြင့်တက်နေခြင်းမျိုးဖြစ်သည်။
တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများပြားနေသည့်အပြင် တရုတ်နိုင်ငံသားများမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ကာ သစ်နှင့် အခြားသယံဇာတများခိုးထုတ်မှုများကိုပြုလုပ်နေမှုကြောင့် ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသား ၁ဝဝ ခန့်ကို ဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့သော်လည်း ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်မှုမရှိသောကြောင့် လက်ရှိ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ထပ်မံဝင်ရောက်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများရှိနေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ပြည်ပသို့သစ်အလုံးလိုက် ရောင်းချမှုများရပ်ဆိုင်းထားသော်လည်း တရားမဝင် သစ်ခိုးထုတ်မှုများကို အမှန်တကယ်ထိန်းချုပ်နိုင်မှုမရှိသေးကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁ဝ နှစ်အတွင်း ရှောင်တခင်စစ်ဆေးချက်အရသာ ဖမ်းဆီးရမိခဲ့သည့်သစ်မှောင်ခိုတန်ချိန် သိန်းနှင့်ချီရှိနေပြီး အမှန်တကယ်သစ်မှောင်ခိုမှာ သန်းနှင့်ချီရှိနိုင်ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်
Eleven Media Group

1 comment:

  1. ပြည်ပသို့သစ်အလုံးလိုက် ရောင်းချမှုများရပ်ဆိုင်းထားသော်လည်း တရားမဝင် သစ်ခိုးထုတ်မှုများကို အမှန်တကယ်ထိန်းချုပ်နိုင်မှုမရှိသေးကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက စက်တင်ဘာ ၁၇ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
    မြန်မာနိုင်ငံတွင် ၁ဝ နှစ်အတွင်း ရှောင်တခင်စစ်ဆေးချက်အရသာ ဖမ်းဆီးရမိခဲ့သည့်သစ်မှောင်ခိုတန်ချိန် သိန်းနှင့်ချီရှိနေပြီး အမှန်တကယ်သစ်မှောင်ခိုမှာ သန်းနှင့်ချီရှိနိုင်ကြောင်း သစ်တောရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်

    ReplyDelete