Wednesday, December 10, 2014

မြန်မာနိုင်ငံ၏ အခွန်စနစ်ကို ပိုမိုကောင်းမွန်အောင် ဆောက်ရွက်သင့်သည်ဟု ကိုရီးယားသံအမတ် ပြောကြား

မြန်မာနိုင်ငံ၏ အခွန်စနစ်၊ နိုင်ငံခြားသား နေထိုင်ခွင့်နှင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် စနစ်များကို ယခုလုပ်ဆောင်လျက် ရှိသည်များထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် Mr.Lee Baek Soon က ပြောကြားသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ပျဉ်းမပင် စက်မှုဇုန်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပသည့် Myanmar Posco အမိုးပြား စက်ရုံဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ တာဝန်ရှိသူများ အနေနဲ့ နိုင်ငံခြားသား နေထိုင်ခွင့်ကိုတော့ ၅ နှစ်အထိ တိုးမြှင့်ပေးခဲ့ပါပြီ။ ဒါကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။ အခုကျင့်သုံးနေတဲ့ အခွန်နှုန်းထားနဲ့ စနစ်တွေကို ပိုကောင်းအောင် လုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေရော ကိုရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံ လိုသူတွေကို ပိုဝင်ရောက်လာမှာပါ” ဟု ကိုရီးယား သံအမတ်က ဆိုသည်။

လတ်တလော ပြည်တွင်းတွင် ကိုရီးယားနိုင်ငံ အခြေစိုက် ကုမ္ပဏီများတွင် Posco ကုမ္ပဏီ အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ လုပ်ကိုင်သည့် GS ကုမ္ပဏီ၊ လျှပ်စစ် လုပ်ငန်းစုကြီး တစ်ခုဖြစ်သည့် Daewoo ကုမ္ပဏီနှင့် Master Sport ဖိနပ်စက်ရုံတို့အပြင် ပြည်တွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများက အများဆုံး အခြေစိုက် လုပ်ကိုင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ စာရင်းဇယားအရ သိရသည်။

“အခွန်စနစ်မှာဆိုရင် နိုင်ငံခြား ကုမ္ပဏီတွေအတွက် အခွန်ဆောင်ရတာ လွယ်ကူချောမွေ့အောင် တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်မယ့် အစီအစဉ်မျိုးတွေ၊ သွက်လက် မြန်ဆန်အောင် လုပ်ဆောင် ပေးသင့်ပါတယ်။ အခုလက်ရှိ ကျွန်တော် သိသလောက်တော့ ကိုရီးယား ကုမ္ပဏီတွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုင်းနဲ့ အထည်ချုပ် စက်ရုံပိုင်းတွေမှာ တော်တော်များများ တွေ့မြင်နေရပါတယ်” ဟု စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အစိုးရသစ် တက်လာပြီး နောက်ပိုင်း ပြည်တွင်း အခွန်အကောက် စနစ်များကို စတင်ပြောင်းလဲခဲ့ပြီး ယခုအချိန်တွင် ၁၉၇၄ ခုနှစ် အခွန်အကောက် ဥပဒေမှ ၂၀၁၄ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဟူ၍ လွှတ်တော်သို့ ပထမဆုံးအကြိမ် တင်သွင်း၍ ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment