ပုံပြင်လေးတစ်ပုဒ် ဖတ်မိလိုက်တယ်။ ပုံပြင်ထဲမှာ - ဟိုးရှေးရှေးတုန်းက မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းသာရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့မှာ ဘုရင်ကြီးက တိုင်းပြည်မှာရှိတဲ့ ပန်းချီဆရာအားလုံးကို သူ့ရဲ့ ပုံတူကို အကောင်းဆုံးအလှပဆုံးဖြစ်အောင် ဆွဲဖို့ ပြောသတဲ့။ ဒါပေမဲ့ ဆွဲပေးမဲ့သူ တစ်ယောက်မှ ထွက်မလာဘူးတဲ့။ ဘယ်ထွက်လာပါ့မလဲ.. ဒီလို မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းနဲ့ပုံက ဘယ်လောက် လက်ရာမြောက်တဲ့... ပန်းချီဆရာက လှပအောင် ဆွဲပါစေဦးတော့ အကျည်းတန်နေမှာပဲဆိုပြီး ဝေးဝေးက လက်ရှောင်နေကြတော့တာပေါ့။

ဒါပေမဲ့ ပန်းချီဆရာတစ်ဦးကတော့ အကောင်းဆုံး လက်ရာမြောက် ပန်းချီကားချပ်ပုံတူကို ဘုရင်ကြီးကို ဆွဲပေးမယ်ဆို ဂတိပေးလိုက်သတဲ့။
ဒါနဲ့ ပန်းချီဆရာက ဘုရင်ကြီးပုံတူကို ဆွဲလေတော့တယ်။ ပန်းချီကားဆွဲပြီးသွားချိန်မှာ မြင်ရသူအားလုံး အံ့အားတသင့် ချီးမွမ်းယူရတဲ့
ဘုရင်ကြီးရဲ့ ပုံတူကားချပ်ကို လူတိုင်း တွေ့လိုက်ရတယ်။
ပန်းချီကားထဲမှာတော့ ဘုရင်ကြီးက မျက်လုံးတစ်ဘက်ကို ဖုံးအုပ်ထားပြီး ဒူးတစ်ဘက်ထောက်၊ သားကောင်ကို လေးနဲ့ချိန်ရွယ်ပြီး အမဲလိုက်နေတဲ့ပုံကို တွေ့လိုက်ရတယ်..တဲ့။
ပုံပြင်ဆုံးတော့ ကျွန်မအတွေးနယ်ချဲ့နေမိတယ်။
လှပတဲ့ စိတ်ကူး၊ စာနာတဲ့အတွေးနဲ့ ချယ်မှုန်းရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်။ ဘယ်လောက်တောင် စိတ်ထည့်ရေးဆွဲထားသလဲ...။ ဘယ်လောက်တောင် သက်ဝင်နေလိုက်မလဲ...။ တခြားပန်းချီဆရာတွေက ဘာလို့များ ဒီလိုအတွေးမျိုး မတွေးမိလိုက်ကြရတာလဲ...။
ကျွန်မကိုယ်တိုင်ရော ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့ရင် ဒီလိုအတွေးမျိုး တွေးမိဖို့ထက် ငြင်းပယ်မိမှာပဲ မဟုတ်လား...။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို မြင်တွေ့ဖို့က သိပ်လွယ်ကူပါတယ်။ ဒီအားနည်းချက်ကို ဖေးမပေးဖို့ကိုတော့ ကျွန်မတို့ မေ့နေတတ်ကြတယ်။
သေချာတာက...
ကျွန်မ ပန်းချီမဆွဲတတ်သေးပါဘူး...။
ကျွန်မ...သင်ယူရပါဦးမယ်။
(မြသွေးနီ)
No comments:
Post a Comment