Tuesday, December 23, 2014

ပုံတောင်ခြေရင်းရှိ ကျေးရွာများ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မီးလင်းပြီး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင်ခြေရင်းရှိ ကျေးရွာများ မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင် သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုနှင့် ကျေးရွာနေအိမ်ထောင်စုများ၏ ထည့်ဝင်မှုများဖြင့်ဆောင်ရွက်ခဲ့ရာ ဝမ်းဘဲချိုင့် ကျေးရွာ၊ ကျည်းပင်ကျေးရွာ၊ လယ်တီကျေးရွာနှင့် ဆယ်ပြင်ကျေးရွာများသည် ဒီဇင်ဘာ ၁၀ ရက်ကစတင်၍ ဆိုလာစနစ်ဖြင့် မီးလင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပုလဲမြို့နယ် လျှပ်စစ်မှူးဦးမြင့်သိန်းက“တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ ချရေးအစီအစဉ်အရ မဟာဓာတ်အားလိုင်းနဲ့ အလှမ်းဝေးတဲ့ကျေးရွာနေ အိမ်ထောင်စုများ အတွက် ဆိုလာစနစ်နဲ့ မီးလင်းနိုင်အောင်လို့ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နေ ပါတယ်။ ပုံတောင်ခြေမှာရှိတဲ့ ဝမ်းဘဲချိုင့် ကျေးရွာအတွက် ဆိုလာပြားနဲ့ ဆက်စပ်ပစ္စည်း အစုံ ၅၀ ၊ ကျည်းပင်ကျေးရွာတွင် အစုံ ၅၀၊ ဆယ်ပြင်ကျေးရွာတွင် အစုံ ၅၀၊ လယ်တီ ကျေးရွာတွင် အစုံ ၅၀ ဆိုပြီး စုစုပေါင်း အစုံ ၂၀၀ ရဲ့ ကုန်ကျစရိတ်ကို အစိုးရအဖွဲ့က တစ်ဝက်ထောက်ပံ့ပြီး ပြည်သူများက တစ်ဝက်စီပါဝင်မှုနဲ့ ကျေးလက်မီး လင်းရေးကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းတစ်စုံတန်ဖိုးက ငွေကျပ် ၅၂၀၀၀ ဖြစ်ပါတယ်” ဟု ပြောသည်။ ပုလဲမြို့နယ် လယ်တီကျေးရွာနေ ဦးတင် စိုးက “ကျွန်တော်တို့ တောင်ပေါ်ဒေသက အလွန်ခေါင်တော့ဖွံ့ဖြိုးမှုကအစ နောက်ကျခဲ့ ပါတယ်။

မနှစ်က တောင်ပေါ်ရွာတွေကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်နဲ့ မီးလင်းအောင် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပစ္စည်းကုန်ကျစရိတ်ကို တစ်ဝက် ပြည်သူက တစ်ဝက်နဲ့ ဆောင်ရွက်ပေးခဲ့လို့ ကျေးရွာတွေ မီးလင်းနေပြီဆိုတာ သိရပါတယ်။ ကျွန်တော်တို့ ကျေးရွာလေး ကိုဆိုလာစနစ်နဲ့ မီးလင်းနိုင်အောင် ဆောင်ရွက်ပေးဖို့အတွက် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်က တာဝန်ရှိဌာနဆိုင်ရာများတွေက တင်ပြခဲ့တဲ့ အတွက် ဒီနှစ်တော့ မီးလင်းတဲ့ တောင်ပေါ် ကျေးရွာတွေထဲမှာ ကျွန်တော်တို့ကျေးရွာလည်း ပါခဲ့တယ်။ ယခင်က ဖယောင်းတိုင်မီး၊ ရေနံဆီ မီးခွက်နဲ့နေခဲ့တဲ့ ကျွန်တော့်ရွာလေးအခု နေ ရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်နဲ့ အမှောင်ကိုခွင်း အလင်းဆောင်ခဲ့ပြီဖြစ်လို့ ထောက်ပံ့ငွေများလှူဒါန်းပေးခဲ့တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ရွာသူ ရွာသားများကိုယ်စား ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားသည်။

No comments:

Post a Comment