Wednesday, December 10, 2014

လှိုင်သာယာ အ.ထ.က(၃) ၌ အဋ္ဌမတန်း ကျောင်းသူတစ်ဦး ဓားထိုးခံရ

လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းနှင့် ရွှေရင်အေး ကျောင်းလမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အဋ္ဌမတန်း (E) ခန်း၌ ပညာသင်ကြားနေသော အသက် ၁၃ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦး ဓားထိုးခံရကြောင်း ယင်းရပ်ကွက်နေသူများထံမှ စုံစမ်းသိရှိရသည်။

ဓားထိုးခံရသော ကျောင်းသူမှာ ယင်းနေ့က စာသင်ခန်းသို့ ဝင်ရောက်စဉ် ၎င်းနှင့် အတန်းဖော်ဖြစ်သူ အမှတ် (၁၆) ရပ်ကွက် အင်းလေးလမ်းတွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် ၈ တန်း ကျောင်းသားက ဓားမြှောင်ဖြင့် ၎င်း၏ ကျောကုန်းနှင့် ဝမ်းဗိုက်တို့ကို ငါးချက်ဆင့် ထိုးခဲ့ကြောင်း စာသင်ကျောင်းရှိ တာဝန်ကျ ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

“သောကြာနေ့ (ဒီဇင်ဘာလ ၅ ရက်) က ကောင်မလေးကို ဓားနဲ့ထိုးတဲ့ ကောင်လေးက ပါးကိုင်လိုက်လို့ ကောင်မလေးက ပါးပြန်ရိုက်ခဲ့တယ်။ ဒါကို ကောင်လေးက မကျေနပ်လို့ ကျောင်းပြန်ဖွင့်ရက် တနင်္လာနေ့မှာ ဓားယူလာပြီး ထိုးခဲ့တာလို့ သိရတယ်” ဟု အဆိုပါ ဓားထိုးခံရသော ကျောင်းသူကို အင်းစိန်ဆေးရုံသို့ လိုက်လံ ပို့ဆောင်ခဲ့သူတစ်ဦးက ရှင်းပြသည်။

ဓားဖြင့် အထိုးခံရသော ၈ တန်းကျောင်းသူမှာ အမှတ် (၁၈) ရပ်ကွက် ဦးပေါ်ဦး လမ်းသွယ် ၃ လမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ ဓားထိုးမှု မဖြစ်ခင်က ၎င်းကို အဆိုပါ ကျောင်းသားက ရည်းစားစာများ လိုက်လံ ပေးခဲ့သောကြောင့် အတန်းပိုင် ဆရာမထံ တိုင်ကြားခဲ့ဖူးကြောင်း ယင်းရပ်ကွက် နေသူများထံမှ သိရှိရသည်။

“ကောင်မလေးရဲ့ ဒဏ်ရာ အခြေအနေက မစိုးရိမ်ရတော့ပါဘူး၊ ဓားနဲ့ထိုးတဲ့ ကောင်လေးက ထွက်မပြေးဘဲ စာသင်ခန်းထဲမှာ ထိုင်နေတာကြောင့် ကျောင်းတာဝန်ရှိသူတွေက သူ့ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တယ်” ဟု အဆိုပါကျောင်းမှ ပညာရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ စာသင်ခန်းအတွင်း ဓားထိုးမှု ဖြစ်စဉ်ကို ကျောင်းအုပ် ဆရာကြီးထံ မေးမြန်းခဲ့သော်လည်း ကျောင်း၏ ဂုဏ်သိက္ခာ ထိပါးမည် စိုးရိမ်သောကြောင့် မဖြေကြား ပေးနိုင်ကြောင်း ပြန်လည် ပြောကြားသည်။

ယင်းဓားထိုးမှု ဖြစ်စဉ်ကို ဓားထိုးခံရသော ကျောင်းသူဘက်က အမှုမဖွင့်ဘဲ ကျေအေး ပေးခဲ့သောကြောင့် ဓားဖြင့်ထိုးခဲ့သူ ၈ တန်းကျောင်းသားကို ယင်းနေ့ညက ရဲတပ်ဖွဲ့က ၎င်း၏အုပ်ထိန်းသူ မိဘများထံသို့ ပြန်လည် လွှဲအပ်ပေးခဲ့ကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီး နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“လူတစ်ယောက်လုံး ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခံရတာကို အမှုကျေအေး ပေးတာနဲ့ ပြန်လွှတ်ပေးတယ်ဆိုတာ အဓိပ္ပာယ် လုံးဝမရှိဘူး၊ ကောင်မလေးဘက်က ဆင်းရဲတယ်လို့ သိရတယ်။ ဒါကို အခွင့်အရေးယူပြီး အမှု ကျေအေးပေးအောင် လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ယင်းစာသင်ကျောင်း၌ အဋ္ဌမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူက သုံးသပ် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment