Wednesday, December 17, 2014

ထိုင်း သံဃာ့မဟာနာယက အဖွဲ့၏ ဘိက္ခုနီမ ၀တ်ခြင်းသည် ၀ိနည်းနှင့် မညီကြောင်း ထုတ်ပြန်ချက် ဝေဖန်ခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆။ အမျိုးသမီးများအား ဘိက္ခုနီမအဖြစ်သို့ ရဟန်းခံပေးခြင်းသည် ၀ိနည်းတော်နှင့် မညီကြောင်း ထိုင်းသံဃာ့ မဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ ထွက် ပေါ်လာပြီး အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီ (NRC) အဖွဲ့ဝင် သုံးဦးကလည်း ယင်းကြေညာ ချက်သည် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်သော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

သံဃာ့မဟာ နာယကအဖွဲ့၏ ကြေညာချက်အပေါ် ပြုပြင်ပြောင်း လဲရေးဆိုင်ရာ အမျိုးသမီးကွန်ရက်အဖွဲ့ များမှ စုပေါင်းသဘော ထားထုတ်ပြန်မှု လုပ်ဆောင် ပြီးနောက် NRC အဖွဲ့ဝင်သုံးဦးက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆောင်ခလာ ပြည်နယ်တွင် သူပုန်အဖွဲ့မှ အမျိုးသမီးများအား ရဟန်းခံပွဲတစ်ခု မကြာသေးမီက ပြုလုပ်ခဲ့ ပြီးနောက် သံဃာ့မဟာ နာယ က အဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

ယင်းအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက်က ဆောင်ဒန်ကလျာဏီ ကျောင်းတော်အမျိုးသမီး အကြီးအကဲ ဓမ္မနန္ဒဘိက္ခုဏီက ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ကာ ရဟန်း ခံ ပေးရန် သီရိလင်္ကာမှ ဘိက္ခုနီဂိုဏ်းနှင့် ရဟန်းများက ကြွရောက်ခဲ့ပြီး အမျိုးသမီးများအား ရဟန်းခံပေး ခဲ့ခြင်း ဖြစ်သည်။

ဆောင်ခလာ ပြည်နယ်တွင် ရဟန်းခံသူ များသည် သီရိလင်္ကာ ဘိက္ခုနီဂိုဏ်း၏ လက်အောက်ခံများ ဖြစ်သောကြောင့် ယခုကဲ့သို့ လာရောက် ရဟန်းခံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်းတောင်းဆိုမှုကို အမျိုးသမီးကွန်ရက်အဖွဲ့က NRC အဖွဲ့ဝင်များအား တင်ပြခဲ့ရာ ၎င်းတို့က သံဃာ့မဟာ နာယကအဖွဲ့ ၏ လုပ်ရပ်သည် ၀ိနည်း တော်နှင့် မကိုက်ညီကြောင်း၊ ဗုဒ္ဓက အမျိုးသမီးများ ရဟန်းဝတ်ခွင့် ပြုခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ပြည်ပမှ သံဃာ့အဖွဲ့အစည်းများအနေဖြင့် ထိုင်းနိုင်ငံ၌ ရဟန်းခံပွဲများ လုပ်ဆောင်ရာတွင် ခွင့်ပြုချက် တောင်းခံရမည်ဆိုသည့် အချက်ကို NRC အဖွဲ့ဝင် တစ်ဦး က ဝေဖန်ပစ် တင်လိုက်ပြီး ထိုင်းသံဃာ့ မဟာနာယက အဖွဲ့၏ သြဇာနှင့်လုပ်ပိုင်ခွင့်သည့် ထိုင်းသံဃာများ အပေါ်တွက်သာ သက်ရောက်နိုင် ကြောင်း ပြောကြားလိုက်သည်။

အမျိုးသမီးများအား ရဟန်းခံရန် အမျိုးသားဘိက္ခုရဟန်းနှင့် အမျိုးသမီးဘိက္ခုနီရဟန်းမတို့ ရှိရန် လိုအပ်ပြီး ထေရ၀ါဒ ဗုဒ္ဓသာသနာတွင် ဘိက္ခုနီရဟန်းမအနွယ် များ ပျောက်ကွယ်သွားပြီးနောက်တွင် အမျိုးသမီးများ ဘိက္ခုနီဝတ်ခွင့်မရတော့ကြောင်း ထေရ၀ါဒ၀ိနည်းတော်တွင် ပြဌာန်းထားကြောင်း သိရသည်။

Mizzima

No comments:

Post a Comment