Sunday, December 14, 2014

နွေရာသီတွင် မကြာခဏ မီးပြတ်တောက်ခြင်း၊ မီးအပြည့်အ၀ မရရှိခြင်းနှင့် ရေအခက်အခဲရှိမှုတို့ကို နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြ

မြန်မာနိုင်ငံရှိ စက်မှုဇုန်များတွင် နွေရာသီ၌ မကြာခဏမီးပြတ်တောက်ခြင်း၊ မီးအပြည့်အဝ မရရှိခြင်းနှင့် ရေအခက်အခဲ ရှိမှုတို့ကြောင့် စက်မှုဇုန်များတွင် မီးပုံမှန်ရရှိရေးနှင့် ရေစနစ်တကျ ပေးဝေနိုင်မှုတို့အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးရန် လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တောင်းဆိုလိုက်သည်။

“နွေရာသီဓာတ်အား ရရှိရေးနဲ့ ပတ်သက်ရင် စက်မှုဇုန်တွေမှာ နွေရာသီမှာ ဓာတ်အားတစ်ယူနစ် ၁၅ဝ အထိ တိုးပေးထားသော်လည်း မီးမကြာခဏ ပြတ်တောက်ခြင်း၊ အချိန်ပိုင်းလောက်သာ လျှပ်စစ်မီးရရှိခြင်း၊ မေ၊ ဇွန် လောက်တွင် ရက်ပေါင်းများစွာ မီးမလာခြင်း ယခုနှစ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ရှေ့နှစ်ကစပြီး နွေရာသီမှာ နေ့ခင်းမီးမဖြတ်ရေး၊ နေ့ခင်းတစ်နေ့ ရှစ်နာရီ မီးရရှိရေး၊ ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များကိုယ်စား တင်ပြအပ်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ဒီဇင်ဘာ ၁၃ ရက် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံတွင် တင်ပြတောင်းဆိုခဲ့သည်။



စက်မှုဇုန်တွင် မီးအလုံအလောက် မရရှိသည့်ပြဿနာအပြင် ရေသန့်ရရှိမှုတွင်လည်း အခက်အခဲရှိနေကြောင်း သိရသည်။

“နောက်တစ်ခုက ရေကောင်းရေသန့်နဲ့ ပတ်သက်ပါတယ်။ စက်ရုံမှာ အရည်အသွေးမီ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ရေကောင်းရေသန့် ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အိုးအိမ်ဦးစီးဌာနကို သိန်းပေါင်းတစ်သောင်း (၁ဝ,ဝဝဝ) ပေးသွင်းပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖူးကြီးကနေ ရေအားရရှိဖို့အတွက် တစ်ပေပိုက်နဲ့ သွယ်တန်း သုံးစွဲခဲ့ရပါတယ်။ ဒီနှစ်အဆင်ပြေပါတယ်။ တစ်ပေပိုက်ကနေပြီးတော့ ရပ်ကွက်တွေ အိမ်ရာအသစ်တွေနဲ့ ပုသိမ်လမ်းတစ်လျှောက်က အဆောက်အအုံတွေကို ပေးဝေခဲ့တဲ့အတွက် လှိုင်သာယာစက်မှုဇုန် အတွင်းမှာ စက်ရုံ ၃၅ ရာခိုင်နှုန်းလောက်ပဲ ရေရရှိပြီး ကျန်တဲ့စက်ရုံ ၆၅ ရာခိုင်နှုန်းက ရေသန့်လုံးဝမရှိခဲ့တာ ရှစ်နှစ်ရှိသွားပါပြီ။ ဒါကြောင့် ပိုက်လုံးကြီးတွေ တိုးချဲ့သွယ်တန်းပြီး ရေပေးဝေရောင်းချသင့်ကြောင်း အကြံပြုအပ်ပါတယ်” ဟု ဦးမြတ်သင်းအောင်က ပြောကြားသည်။

စက်မှုဇုန်များမှ ကုန်ချောထုတ်လုပ်မှုတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် လိုအပ်ကြောင်း၊ ညပိုင်းမလည်ပတ်နိုင်သည့်တိုင် နေ့ခင်းပိုင်းတွင် ရှစ်နာရီအပြည့် လည်ပတ်နိုင်ရန်အတွက် မီးမှန်မှန်ရရှိရေးမှာ အလွန်အရေးပါကြောင်း၊ လက်ရှိအချိန်တွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းနိုင်ရန် တစ်ယူနစ်လျှင် ကျပ် ၁၅ဝ ဖြင့် ဝယ်ယူသုံးစွဲ နေရမှုလည်းရှိကြောင်း၊ အထူးသဖြင့် နွေရာသီတွင် မီးပြတ်တောက်မှုများကြောင်း သိရသည်။

“စက်မှုဇုန်တွေနဲ့ လူနေအိမ်တွေကို အဆင့်သတ်မှတ်ထားတယ်။ အထူးသဖြင့် လူနေအိမ်တွေကို ပိုပြီးတော့ ဦးစားပေးပြီးတော့ မီးပေးလေ့ရှိတယ်။ လူနေအိမ်တွေကလည်း အရေးကြီးသလို စက်မှုဇုန်တွေကလည်း တကယ်တော့ အရေးကြီးတာပါပဲ” ဟု ဦးမြတ်သင်းအောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment