Saturday, December 13, 2014

အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက သုံးနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)သည် လာမည့်သုံးနှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Vivek Pathak က ပြောကြားသည်။

လက်ရှိကာလ ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးကို မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကာ ၂၀၁၅ ခုနှစ် နှစ်လယ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း IFC က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှု၊ ဝန် ဆောင်မှုကဏ္ဍတို့တွင် အလုပ်အကိုင်များ ဖန်တီးရေးဟူ၍ ထောက်တိုင်သုံးခုကို အဓိကထား၍ ရင်းနှီးမြှုပ် နှံမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr. Vivek Pathak က ဆိုသည်။

“အလုပ်အကိုင်နဲ့ စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ဖြစ်ပေါ်စေတဲ့ ပုဂ္ဂလိကကဏ္ဍကို ပိုမိုတိုးတက် ရှင်သန်လာဖို့အတွက် လုပ်သာကိုင်သာ ရှိတဲ့ စီးပွားရေးဝန်းကျင် ဖြစ်စေမယ့် အခြေခံအဆောက်အဦတွေ တည်ဆောက်ခြင်းနဲ့ ငွေကြေးအရင်းအနှီး ရရှိနိုင်မှုနဲ့ တိုးမြှင့်ဆောင်ရွက်ခြင်းတွေ လုပ်ဆောင်ရပါမယ်” ဟု ၎င်းကဆိုသည်။

IFC သည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်စွမ်းအင်၊ ဆက်သွယ် ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ် နှစ်ခုဖြစ်သော ရိုးမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း IFC ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Vikram Kumar က ပြောကြားသည်။

“ရင်းနှီးမြှုပ်နှံသူ အတော်များများက မြန်မာဈေးကွက်ကို မျက်စိကျနေကြပေမယ့် မြန်မာနိုင်ငံရဲ့ ရှင်းလင်းမှု မရှိတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ဝင်မလာကြသေးဘူး” ဟု ၎င်းကဆိုသည်။

IFC သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ၁၆ ခု ပြုလုပ်ထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်းကာ ခရက်ဒစ်ဗျူရို ဖွဲ့စည်းရေး၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ (YESB) ကို စီးပွားရေးကော်ပိုရေးရှင်း တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် အကြံပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment