Wednesday, December 10, 2014

ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်


ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်ဖြစ်ကြောင်း ဒေါက်တာအေးမောင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့ ပြောကြား



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုအစား တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ်မျိုး ပါဝင်စေမည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒီဇင်ဘာ ၉ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ယင်းကဲ့သို့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သောလုပ်ရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့က အသီးသီး သုံးသပ်ပြောကြားခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ပါဝင်သော ပုဂ္ဂိုလ်ခြောက်ဦးအား အတည်ပြုရွေးချယ်ထားခဲ့ကြောင်း၊ ၎င်းအနေဖြင့် အထက်ဖော်ပြပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းထက် ပိုမိုပြည့်စုံကုံလုံအောင် ၁၂ ပွင့်ဆိုင် ၁၂ ဦး ဖြင့် တိုးချဲ့တွေ့ ဆုံသင့်သည်ဟု ထင်မြင်ယူဆ၍ ယင်းအဆိုကို တင်သွင်းခြင်းဖြစ်ကြောင်း ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ခြောက်ပွင့်ဆိုင်မှ အမှတ်စဉ် (၁) သမ္မတမှ အမှတ်စဉ် (၅) ဒေါ်အောင်ဆန်းစုကြည်အထိ ၎င်းအနေဖြင့် ကန့်ကွက်မှုမရှိ ထောက်ခံကြောင်း၊ သို့သော် အမှတ်စဉ် (၆) တိုင်းရင်းသားအစုအဖွဲ့များမှ ကိုယ်စားလှယ်တစ်ဦးအစား တိုင်းရင်းသားပင်မမျိုးနွယ်စုကြီး ခုနစ်မျိုးဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ကိုယ်စားလှယ်တစ်ဦးစီ ထည့်သွင်းပါဝင်စေသည့် ၁၂ ပွင့်ဆိုင် ၁၂ ဦးကို ထည့်သွင်းပေးစေလိုကြောင်း ၎င်းက တင်ပြသည်။ “ကျွန်တော့်အနေနဲ့ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပင်မမျိုးနွယ်စုကြီးခုနစ်ခုမှ ကိုယ်စားလှယ်ခုနစ်ဦးကို ထည့်သွင်းစေချင်တာပါ။ ဒီလိုထည့်သွင်းစေခြင်းကို ရိုးသားစွာတင်ပြရရင် တိုင်းရင်းသားအများစု၏ ဆန္ဒသဘောထားဖြစ်ခြင်း၊ ပိုမိုပြည့်စုံလေးနက်၍ ပိုမိုအနှစ်သာရ ရရှိစေမည်ဟုယူဆပြီး အနာဂတ်မြန်မာနိုင်ငံတော်အတွက် အထစ်အငေါ့ အခက်အခဲမရှိစေဘဲ သားမြေးမြစ်တွေအတွက် ပန်းခင်းသောလမ်းကို လျှောက်လှမ်းစေနိုင်မယ့် အစီအမံဖြစ်စေမယ်လို့ ယုံကြည်လို့ ဒီအဆိုကို တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးစောထွန်းအောင်မြင့်က ဆိုသည်။

ထို့ပြင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အထောက်အကူဖြစ်စေမည့်၊ အနာဂတ်တွင် တိုင်းပြည်အေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူဖြစ်စေမည့်အပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် တိုင်းရင်းသားများ၏ ဆန္ဒကို အများဆုံးဖြည့်ဆည်းနိုင်ရန် အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုမှ တိုင်းရင်းသားအစုအဖွဲ့ကိုယ်စားလှယ်တစ်ဦးအစား တိုင်းရင်းသားများမှ မိမိတို့ဘာသာ အများဆန္ဒဖြင့် ရွေးချယ်သည့် တိုင်းရင်းသားခုနစ်ဦးစသည်ဖြင့် အစားထိုးပြင်ဆင်ထည့်ပေးနိုင်ရေးအဆို တင်သွင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို အလေးထားသည့် အစိုးရဖြစ်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများက ပြောကြားထားပြီး မကြာမီ ယခုလို ၁၂ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးပေးရန် အရေးကြီးအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ တင်သွင်းလာခြင်းလည်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော် တိုင်းရင်းသားပါတီများ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးရဲ့အမြင့်ဆုံးမဏ္ဍိုင် ဖြစ်တယ်။ တိုင်းပြည်အရေးကို ပြုပြင်ပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်တယ်။ အခု ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ၁၂ ပွင့်ဆိုင်တွေ့ဆုံဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရတော့ များများစားစား သက်ရောက်မှုမရှိနိုင်ဘူးလို့ ယူဆတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ဝင်ဖို့က ခက်ခဲတယ်။ ရာခိုင်နှုန်းနည်းတယ်။ ပြည်ထောင်စုလွှတ်တော် လိုတော့ မဖြစ်နိုင်ဘူး။ သူတို့ဘောင် နည်းနည်းကျော်သွားတယ်။ မလုပ်သင့်တာကို လုပ်တာပဲ။
ကျွန်တော့်အနေနဲ့တော့ ခြောက်ပွင့်တွေ ၁၂ ပွင့်တွေနဲ့ ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ တိုင်းရင်းသားခုနစ်မျိုး။ မြန်မာလည်း တိုင်းရင်းသားပဲဆိုတော့ မြန်မာအပါအ၀င်ဆို ရှစ်မျိုးပေါ့။ အဲဒီ တိုင်းရင်းသားမျိုးနွယ်စုကြီး ရှစ်ခုဆိုတာ ရှစ်ပြည်ထောင်ကို မူတည်တာလား။
ရှစ်ပြည်ထောင်စုအပေါ်မူတည်ပြီး သွားချင်တာလား။ အဲဒီလိုရော အမှန်တကယ်သွားရဲလားဆိုတာ လူကြီးတွေမေးကြည့်ပါ။ နောက်တစ်ချက်က လူကြီးတွေကတော့ မြန်မာဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ အခြားတိုင်းရင်းသားပဲဖြစ်ဖြစ် ကိစ္စမရှိပေမယ့် အဲဒီ ကျန်တိုင်းရင်းသားမျိုးနွယ်စုကြီးရှစ်မျိုးရဲ့ အပွင့်တွေကို ဘယ်လိုရွေးမလဲ။ လွှတ်တော်တွင်းက တိုင်းရင်းသားကိုယ်စားလှယ်တွေထဲက ရွေးမလား။ အပြင်က ပါတီတွေထဲက ရွေးမလား။

ဒေါ်အောင်ဆန်းစုကြည်ကိုရော မြန်မာတစ်ပွင့်အဖြစ် သတ်မှတ်မှာလား။ ဒါတွေအများကြီးစဉ်းစားဖို့ ဖြစ်လာမယ်။ နောက်တစ်ခုက ဘာအကြောင်းအရာကို ဆွေးနွေးဖို့ အခုလို တိုက်တွန်းတာလဲဆိုတာ အဓိကကျတယ်။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အာရုံစူးစိုက်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါအတိုင်း ပြင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ တာဝန်ရှိတယ်။ အခု ပြည်ထောင်စုလွှတ်တော်က တွေ့ဆုံဖို့ တိုက်တွန်းတာက အခန်း ၁၂ အရ ကြိုးစားခြင်းလို့ ပြောလို့ရတယ်။ လွှတ်တော်ပြင်ပ ပါတီတွေကို ထည့်စဉ်းစားဖို့ မလိုတော့ဘူး။ အခန်း ၁၂ အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆွေးနွေးမှာကို။ အခုလိုတောင်းဆိုတဲ့ ဆွေးနွေးပွဲမျိုးက ဆွေးနွေးပွဲလုပ်ပေမယ့် ရည်ရွယ်ချက် အောင်မြင်အောင်ဆွေးနွေးတဲ့ ဆွေးနွေးပွဲမျိုး ဘယ်လိုမှဖြစ် မလာနိုင်ဘူး။ ဟန်ဆောင် ပန်ဆောင် ဆွေးနွေးပွဲပဲဖြစ်သွားမှာပေါ့။ မူလဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်လိုမှ အကောင်အထည်ဖော်လို့ ရနိုင်မှာမဟုတ်ဘူး” ဟု ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က“တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက တိုင်းဒေသကြီးနဲ့ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်တာ ပိုပြီးသင့်တော်မယ်လို့ထင်တယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စကို တိုင်းဒေသကြီးက ဆုံးဖြတ်လို့လည်း ထိရောက်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရမယ့် လုပ်ပိုင်ခွင့်တွေက သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒါကျွန်တော့်အမြင်ပါ။ ဒါပေမဲ့လည်း တိုင်းဒေသကြီးလွှတ်တော်နဲ့ အစိုးရက တိုက်တွန်းတယ်ဆိုတာလည်း သူတို့ရဲ့အမြင်ကို ဖော်ပြရာရောက်ပါတယ်။ သူတို့တိုက်တွန်းတာကို လုပ် မလုပ်ဆိုတာတော့ ပြည်ထောင်စုအစိုးရအပေါ် မူတည်ပါတယ်။ နောက်တစ်ခုက ခြောက်ပွင့်တွေ ၁၂ ပွင့်တွေကတော့ သိပ်မပြောလိုပါဘူး။
ဘယ်နှယောက်ပဲ ဆွေးနွေး၊ ဆွေးနွေး ကျွန်တော်တို့ အဓိကဆောင်ရွက်ဖို့လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် နှစ်ယောက်တည်းတွေ့လို့ ပြီးလည်း အမြန်ဆုံးတွေ့ကြဖို့ပဲ လိုပါတယ်”ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး နှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရန် အရေးကြီးအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ၍ လွှတ်တော်က အတည်ပြုခဲ့သည်။

ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာတွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီးအဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရန် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တောင်းဆိုပြီး ၁၄ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယခုအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအဆိုအား ပြည်ထောင်စုလွှတ်တော်၏ ကန့်ကွက်သူမရှိ အတည်ပြုကြောင်း ဆုံးဖြတ်ထားချက်နှင့် ပတ်သက်၍ သမ္မတ၏ သဘောထားကို လွှတ်တော်သို့ အကြောင်းမပြန်သေးကြောင်း သိရသည်။ သို့သော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး နှင့်ပတ်သက်၍ “ကျွန်တော်တို့အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ်မထင်ဘူး။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံက အဖွဲ့ကိုအခြေခံပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂ္ဂိုလ်ကို အခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်”ဟု ပြောကြားထားသည်။

ထို့ပြင် အူအတက်ရောင်သောကြောင့် ဆေးရုံတက်ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းကာ ရုံးပြန်တက်နေပြီဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် အသိပေးရေးသားထားသော သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ရန်ကုန်မြို့သို့ ရောက်ရှိနေချိန်နှင့် ဦးစောထွန်းအောင်မြင့်၏ ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးအဆို တင်သွင်းရက် တိုက်ဆိုင်နေကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တိုက်တွန်းခဲ့သော ယခုအဆိုသည် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို တိုင်းဒေသကြီးလွှတ်တော်တစ်ခုက ပထမဆုံးအကြိမ်အဖြစ် တန်ပြန်သည့်သဘော ထပ်ဆင့်တိုက်တွန်းသောအဆို ဖြစ်နေကြောင်းနှင့် ယခုကဲ့သို့ တိုက်ဆိုင်မှုအချို့ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက် (ယနေ့) ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Eleven Media

No comments:

Post a Comment