Wednesday, December 3, 2014

ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်


ဘာသာရေးကို ခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ရန်အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်သည့် နိုင်ငံငါးနိုင်ငံမှ သံဃာတော်များ ပူးပေါင်းကျင်းပသည့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက် လက်ထောက်ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။


နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Swissotel Nai Lert Park ဟိုတယ်တွင် ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား ငါးနိုင်ငံမှ သံဃာတော်များ ပူးပေါင်း ကျင်းပသည့် တတိယအကြိမ် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းသို့ သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပုထုဇဉ်များ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို တိုက်တွန်းနှိုးဆော်ရန်၊ မတူကွဲပြားသော ယုံကြည်မှုများနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများ အကြားတွင် ပိုမို နားလည်မှု ရရှိစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သဘောတူညီကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူ ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဖြေရှာရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းကမိန့်ဆိုသည်။

ယင်းသို့ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ငြိမ်းချမ်းရေးဝါဒကို အပြည့်အဝ လက်ခံပြီး ဘာသာမတူသူ လူမျိုးများအကြား အပြန်အလှန် နားလည်မှုရှိရန် လိုအပ်ကြောင်း ရွှေညဝါ ဆရာတော် အရှင်ပညာဝံသက မိန့်ကြားသည်။

ဗုဒ္ဓရဲ့သားတော်တွေဖြစ်တဲ့ သံဃာတွေမှာ သေးသိမ်တဲ့ အမြင်တွေ၊ အယူအဆတွေ ရှိနေတာ မဖြစ်သင့်ဘူး၊ ကိုယ့်လူမျိုးမှ ကိုယ့်ဘာသာမှ စွဲနေလို့မရဘူး၊ အဲဒီလိုစွဲနေရင် အားလုံးအတွက် လိုအပ်တဲ့ ဒီမိုကရေစီကို ရောက်မှာမဟုတ်ဘူး” ဟု ရွှေညဝါ ဆရာတော်က မိန့်ဆိုသည်။

အဆိုပါ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သံဃာတော် ခုနစ်ပါးနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ နိုင်ငံတို့မှ သံဃာတော်များ အပါအဝင် ထေရဝါဒ ဘုန်းတော်ကြီး စုစုပေါင်း ၂၉ ပါးနှင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် ပဋိပက္ခ ဖြေရှင်းရေး ကိစ္စရပ်များ၊ အကြံဉာဏ်များ ကူညီမှုပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Center For Humanitarian Dialogue (HD Center) မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် သံဃာတော်များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment