Wednesday, December 31, 2014

အစိုးရတပ်နှင့် ကေအိုင်အေ ကာမိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့ ကာမိုင်းမြို့ နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကေအိုင်အေစခန်းတစ်ခု သိမ်းပိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေက ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ ဟွေကြောစခန်းကို မြန်မာ့ တပ်မတော် ခမရ(၅) လက်အောက်တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကေအိုင်အိုဘက်က ပြောသည်။

‘‘အင်အားခုနစ်ဦးပဲရှိတဲ့ စခန်းကို ၀င်သိမ်းတာ။ မနေ့ကအထိ စခန်းပြန်ရဖို့ တိုက်နေတယ်။ ဒီနေ့ အခြေအနေတော့ မသိရသေးဘူး’’ဟု ကေအိုင်အိုအလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။



အဆိုပါ သတင်းနှင့်ပတ် သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘နယ်မြေရှင်းလင်းရေးနဲ့ဖြစ်တာ စခန်းလည်း မသိမ်းရပါဘူး။ သူတို့စခန်းရှိတယ်ဆိုရင်လည်း စခန်းအသစ် ဆောက်ထားတာပဲဖြစ်မယ်။ ကျွန်တော်တို့ နှစ်ဖက် သဘောတူထားတဲ့အထဲမှာ စခန်းအသစ်တွေ တိုးချဲ့မဆောက်လုပ်ရဘူးလို့ ပါတယ်။ ဒါကြောင့် စခန်းဆိုရင်လည်း စခန်းသစ်ပဲ ဖြစ်မှာပါ။ ကျွန်တော်တို့က စခန်းသွားသိမ်းတာလည်း မဟုတ်ပါဘူး။ လုံခြုံရေးအရ နယ်မြေရှင်းလင်းရေးနဲ့ ဖြစ်တာပါ’’ဟု မပခပြောရေးဆိုခွင့်ရှိသူ ထိပ်တန်း တပ်မတော်အရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

နိုဝင်ဘာ ၁၉ ရက်က ကေ အိုင်အေဗိုလ်လောင်းသင်တန်း ကျောင်းလက်နက်ကြီး ပစ်ခတ်ခံ ရမှုဖြစ်စဉ် နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။ ယင်းကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်းရန် အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲကို ဇန်န၀ါရီအတွင်း ရန်ကုန် (သို့မဟုတ်) မြစ်ကြီးနား မြို့တွင် ပြုလုပ်သွားရန် သဘောတူညီထားသည်။

7Day Daily

No comments:

Post a Comment