Tuesday, December 30, 2014

သစ်တော လက်ထောက်ညွှန်မှူးနှင့် သစ်တောဝန်ထမ်းများ အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်း များသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။



ဒီဇင်ဘာ ၂၇ ရက်နေ့က လက်ထောက်ညွှန်မှူး ဦးလှမင်းနှင့် သစ်တောဝန်ထမ်း ၁၀ ဦးခန့်သည် တရားမဝင်သစ်များ ဖမ်းဆီးရန် လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ သွားရာလမ်းရှိ ဝမ်ဆလောင်းရွာ အနီးသို့ ရောက်ရှိစဉ် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများမှာ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ တောခေါင်းဦးဘိုမင်း၊ ဦးသန်းထိုက်အောင်နှင့် ဦးစစ်ထွေးတို့ ဖြစ်ပြီး သစ်တောဦးစီးအရာရှိ ဦးခိုင်မော်နှင့် ကျန်ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းရာ သစ်တောဝန်ထမ်းများ အသတ်ခံရသည်မှာ မှန်ကန်သော်လည်း အတိအကျပြောခွင့် မရှိကြောင်း အဆိုပါရုံးရှိ အရာထမ်းတစ်ဦးက ပြောဆိုသည်။

လင်းခေးမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အထိ ပထမ သတင်းပေးတိုင်ချက် မဖွင့်နိုင်သေးကြောင်း၊ ယင်းသို့ မဖွင့်နိုင်ခြင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် အရာရှိအချို့သည် ရဲစခန်းနှင့် မိုင် ၃၀ ခန့် ဝေးကွာသည့် အခင်းဖြစ်နေရာမှ ပြန်လည် မရောက် ရှိသေးသောကြောင့် ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းဒေသသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၌သာမက သစ်ကုန်သည်များသည်လည်း တရားမဝင် လက်နက်ကိုင်ဆောင်သောကြောင့် သစ်ခိုးထုတ်သူ အချို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံ သစ်ကုန်သည်အချို့က မှတ်ချက်ပြု ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment